ဆူးငှက်
” နဂါးလိမ် မိလ္လာသိင်္ဂါညွန့်မှာ
တိမ်ပြာဇာတွန့်မြ အရောင်၊
ချိန်ခါဝါစွန့် လတန်ဆောင်ငယ်
သရဒဦးသျှောင် ခေါင်ရတု၊
ရှစ်ဌာန်းဝန်းဝိုက် ပြိုတော့မည်လို
လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခု”
နွေကဖြင့် ဘာမှ မကြာလိုက်၊ မိုးသည်းသည်း ရက်ဆက်ရွာပြီး တိတ်ခါစ လမ်းကဗွက်အိုင်ခြောက်စအပြုမှာပင် မြောက်ပြန်လေက သော့သော့နှင် လာပြန်သည်။ မနက်လင်းတော့ နှင်းဇာပဝါပါး ကျလာပြန်၏။ ပရုပ်လုံးနံ့ သင်းသင်း ဂွမ်းကပ်စောင်တွေ ထုတ်ကာ နေပြကြသည်။ ဝါဝင်တာ မကြာလိုက်ခင်မှာတော့ အခုတော့ ဝါကျွတ်လို့ တန်ဆောင်မုန်းပင် ဆန်းစပြုနေ၏။ တော်သလင်း မလွန်ဆန်လှူပွဲ၊ သီတင်းကျွတ် ဘုရားသုံးဆူပွဲ၊ အိမ်တော်ရာဘုရားပွဲ၊ မဟာသကျသီဟ ဘုရားပွဲ၊ ရတနာမဉ္ဇူ ဘုရားပွဲ၊ ကျောက်တော်ကြီးဘုရားပွဲ ရက်များပင် ပြီးပြန်ချေ၏။ အခုပဲ ကထိန်ပွဲရက်တွေ စလေပြီ။ သီတင်းကျွတ်ရော တန်ဆောင်မုန်းရော မနှစ်တွေကလိုပဲ တိတ်ဆိတ်နေချေဦးမည်။
မန္တလေးမှာ ““ရတနာပုံမ်နေပြည်တော်””ခေတ် ကတည်းက ကထိန်ပွဲများကို ရွှေမြို့တော်တွင်
ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ကြသည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်း
လပြည့်နေ့အထိ ကထိန်ရာသီတွင် ရှင်ဘုရင် ကိုယ်တိုင် ဦးစီးပြီး မြို့တွင်းမြို့ပြင်ရှိ ကျောင်းတိုက်ကြီးများရှိ ဝါဆိုသံဃာတော်များကို ကထိန်သင်္ကန်း ကပ်လှူခဲ့ကြသည်။ ထို့အပြင် ရွှေကြိုးသပ် နယ်နိမိတ်အတွင်း အထောက်တော်များ စလွှတ်ပြီး ကထိန်မရသော ကျောင်းတိုက်များကိုလည်း မိုးပေါ်ကျ ကထိန်တော်များ ခင်းကျင်း လှူဒါန်းခဲ့သည်။
၁၂၄၇ ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေများကြောင့် ရွှေမြို့တော်တွင်း သီတင်းသုံးနေထိုင်တော်မူကြသည့် ထေရ်ကြီးဝါကြီးများက အစ စာချစာသင် သံဃာများအလယ်၊ ကိုရင်သူတော်အဆုံး သာသနာ့ဝန်ထမ်း သူတော်စင်များလည်း ပစ္စည်းလေးပါးအစစ ညှိုးနွမ်း ချို့တဲ့တော်မူခဲ့ကြသည်။
ထိုအခြေအနေတွင် မန္တလေးမြို့ခံ မြို့မိမြို့ဖများ၊ ပွဲစား ကုန်သည်များနှင့် မြို့သူမြို့သားများက ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ထီးကိုယ့်နန်း မဟုတ်သောကြောင့် သာသနာညှိုးနွမ်း တိမ်ကောမည်ကို စိုးရိမ်သဖြင့် ၁၂၅၈ခုနှစ်(ခရစ်၁၈၉၆)တွင် မလွန်ဈေး ဆန်လှူအသင်းကြီးနှင့် ၁၂၆၀ခု (ခရစ်၁၈၉၈) တွင် ပရိယတ္တိ သာသနဟိတအသင်းကြီးတို့ကို ဖွဲ့စည်းပြီး ဘာသာ သာသနာအကျိုး သယ်ပိုးဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတွင် ရှေးတုန်းကတည်းက သဘာဝဘေးအန္တရာယ် ကျရောက်သည်ဖြစ်စေ၊ ကပ်ဘေး ကျရောက်သည်ဖြစ်စေ၊ စစ်ဘေး အပါအဝင် ရန်သူမျိုးငါးပါးဘးအန်္တရာယ် ကျရောက်သည်ဖြစ်စေ၊ တိမ်းရ ရှောင်ရပြေးရ လွှားရ၊ ပုန်းရခိုရလျှင် မြစ်အနောက်ဘက်ကမ်းက စစ်ကိုင်း မင်းဝံတောင်ရိုးဆီ ဦးတည်ကြသည်။ ၁၂၇၁ ခုနှစ် ပလိပ်ရောဂါကပ်၊ ၁၂၇၃ ခုနှစ် ကိုးတာမီးဘေး၊ ၊ ၁၃၀၃ ခုနှစ် ဒုတိယကမ္ဘာစစ် စသော ကပ်ဆိုးဘေးဆိုးများတွင် မန္တလေးတစ်မြို့လုံးနီးပါး မြို့ကိုစွန့်ပြီး စစ်ကိုင်းမင်းဝံတာင်ရိုးတစ်လျှောက်ရှိ ဘုန်းကြီးကျောင်း၊ ချောင်၊ ဂူ၊ စေတီပုထိုးများဆီ ခိုလှုံရသည်။ အထူးသဖြင့် ၁၃၀၃ ခုနှစ်မှသည် ၁၃၀၆ ခုနှစ်အထိ ကမ္ဘာ့စစ်မီးတွင် စစ်ကိုင်းတောင်ရိုးသည် မန္တလေး၏ကျေးဇူးရှင်ဖြစ်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းတောင်ရိုးကို ကျေးဇူးဆပ်သည့် အနေဖြင့် ကထိန်ပွဲမှန်သမျှ စစ်ကိုင်း မင်းဝံတောင်ရိုးမှာပဲ ခင်းကျင်းလှူဒါန်းခဲ့ကြသည်မှာ ရှေးအစဉ်အဆက်ကတည်းကဖြစ်သည်။
ကထိန်ရာသီရာက်တိုင်း အထူးသဖြင့် တန်ဆောင်မုန်းလပြည့်ရာက်တိုင်း မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ရိုးပေါ် ရွှေ့ပြောင်းသွားသလား ထင်မှတ်ရအောင် စစ်ကိုင်းတောင်ရိုးပေါ်တွင် ကထိန်ပွဲများ စည်ကားခဲ့ကြသည်။
နာမည်ကျော် ဈေးချို ကထိန်ကြီးကတော့ ဆိုင်ခုံ၊ ဆိုင်ကောင်တာများ မရှိဘဲ ဟောကြီးတစ်ခုသဖွယ်
ခင်းကျင်းထားသော ဈေးချို အေ ရုံကြီးထဲမှာ ပဲအိတ်၊ ဆန်အိတ်တွေကြားမှ မြို့မနှင့် အငြိမ့်ခန်းကို အခုလို တန်ဆောင်မုန်းရာသီတွင် အားပါးတရ အမြဲကြည့်ရမည်။ ဘီ ရုံ ဘယဆေးအိတ်တွေကြားမှအောင်မြေအေးအငြိမ့်၊ စီ ရုံ စာရေးကိရိယာ စက္ကူပုံ စာအုပ်ပုံတွေကြားမှ မြို့တော်အငြိမ့်၊ ဒီ ရုံ စက္ကူပန်းတွေကြားမှ အရီးတောင်း လက်ဖက်ဆိုင်တွေကြား၊ သစ်လွင်အငြိမ့်၊ အီး ရုံ ရွှေဆိုင်တန်း၏ ပေါလစ်ရောင်တောက် ကျွန်းသားဆိုင်ခန်းတွေပေါ်မှာ ခနုံထုပ် ပူပူစားရင်း မန္တလေးရတနာပုံအငြိမ့်၊ ဒီလိုပါပဲလေ၊ ငါးခြောက် အိတ်တွေကြား၊ ချည်ထုပ်တွေကြား၊ ကုန်ခြောက်တွေကြား၊ တက်ထရက် အစအထပ်တွေကြား၊ တောင်မြို့ထည်တွေကြား၊ သဲတော ဝမ်းတွင်း ထည်တွေကြား၊ ပိုးထည် ချိတ်ထည်တွေကြား၊ ဆိုးဆေး သံဗူးတွေကြား၊ ငါးဒိုင် ငါးဆိုင်တွေကြား၊ ကြက်သွန်ပုံတွေကြား၊ခေါက်ဆွဲခြောက်ထုပ်တွေကြားမှာ အငြိမ့်ပေါင်းစုံ၊ တီးဝိုင်းပေါင်းစုံ၊ မင်းသမီးပေါင်းစုံ၊ လူရွှင်တော်ပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ၊ ဇာတ်မင်းသားပေါင်းစုံတို့၏ အနုပညာကို အခုလို
ရာသီမှာ ဈေးချိုနှင့် ဈေးချို ပတ်ပတ်လည်၌ တနင့်တပိုး ကြည့်ရှုခံစားခဲ့ကြရတာကိုလည်း မမေ့လောက်သေးဟု ထင်ပါသည်။ ထို့အပြင် မွေ့ရာတန်း၊ အောင်ဈေးတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ မုန့်စုံတန်း၊ ထိုးမုန့်တန်း၊ ပန်းတန်း စသည်ဖြင့် ဈေးရုံဈေးတန်းများနှင့်အတူ တိုက်တန်းကြီး၊ တိုက်တန်းလေး၊ ညဈေးတန်းများကလည်း ကိုယ့်ဈေးရုံ၊ ကိုယ့်ဈေးတန်းအလိုက် ကထိန်ခင်းကြသည်။ ထူးခြားသည်က နေ့ခင်းတွင် ခင်းကျင်း ပွဲခံကြခြင်းဖြစ်သည်။
မန္တလေးဆိုတော့ တီးဝိုင်း၊ အငြိမ့်စသော ဖျော်ဖြေရေးများကလည်း ဈေးရုံကြီးတွေထဲ နေ့ခင်းမှာ ကပြကြသည်။ လာသမျှ ဧည့်သည်များကို စတုဒီသာ ကျွေးမွေးကြသည်။ တန်ဆောင်မုန်းလဆန်းမှ လပြည့် အဖိတ်နေ့အထိ ဈေးထဲ၌ ဆိုင်းသံ၊ဗုံသံ တညံညံနှင့် ကထိန်ခင်းကျင်းမှု မပြတ်လပ်ခဲ့ပေ။ ထိုသို့ ခင်းကျင်းကြပြီးသည်နှင့် ကထိန်များ အားလုံးသည် စစ်ကိုင်းတောင်ရိုးက ကျောင်းများ ချောင်များသို့ ပုံအော လှူကြသည်။
တန်ဆောင်မုန်းလဆန်း ၁၄ရက် (အဖိတ်နေ့) ဆိုလျှင် မနက်လင်း ကတည်းက ကထိန်အလှူကားတွေ စစ်ကိုင်းဆီ ဦးတည်ကြ၏။ နည်းနည်း နေမြင့်လာတော့ စစ်ကိုင်းတံတားထိပ်မှာ တန်းစီနေကြရတာ တံတားဖြူသို့ပင် တိုင်တော့သည်။ စစ်ကိုင်းတောင်ရိုး ချောင်တိုင်း ချောင်တိုင်းမှာ ဈေးချိုသူ ဈေးချိုသားတို့၏ ကထိန် အလှူချည်းဖြစ်၏။ ယခုထက်ပင် မြင်သာပါသေးသည်။ ချောင်များ၏ အုတ်တံတိုင်း၊ မုခ်ဦး၊ ဆွမ်းစားကျောင်း၊ ဘုရားကျာင်းဇရပ်၊ ကျောင်းတိုက်များ၌ ဘယ်ခုနှစ်က ဈေးချိုတော် ဘယ်ရုံ၏ ဘယ်နှစ်ကြိမ်မြောက် ကထိန်ကောင်းမှု ဆိုသော ကမ္ပည်းစာတန်းများပင် ဖြစ်၏။
မန္တလေးမှာ ရှေးက ကပ်ရောဂါ ကျရောက်လေတိုင်း၊ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်မီး အကြိမ်ကြိမ် ခလေတိုင်း “အေးလကွယ်၊ နေကြလဟဲ့၊ စိတ်တိုင်းကျ ပျော်ပျော်နေ”ဟု ခွင့်ပြုတော် မူလေသောကြောင့်
စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ရိပ်မှာချည်း ခိုလှုံခဲ့ကြရလေသည်။ ထို့ကြောင့် မန္တလေးက လှူဒါန်းစရာရှိတိုင်း စစ်ကိုင်းတောင်တော်ကိုချည်း ဦးထိပ်ထားခဲ့ကြခြင်း ဖြစ်ပါသည်။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး