တရုတ်ထုတ် ကော်ဖီသောက်ပြီး ဘုန်းကြီးနဲ့ လူ ၅ ယောက် သတိလစ်သွားလို့ ဆေးကုသမှုခံယူခဲ့ရ

အောက်တိုဘာ ၁၇-၂၀၂၂
GG (VOM)

ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှာ တရုတ်ထုတ် ကော်ဖီမစ်သောက်ပြီး သံဃာ ၁ ပါး အပါအဝင် ၅ ယောက် သတိလစ်မေ့သွားလို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ကာ ကုသမှုခံယူခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းမှာ တာချီလိတ်မြို့၊ကျောက်တောင်ရပ်ရှိ နတ်မောက်ရွှေသူဌေးကုန်းဘုန်းကြီးကျောင်းမှာ ကော်ဖီသောက်ရာကနေ အစာအဆိပ်သင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တရုတ်လိုရေးထားတာက တထုပ်ကို ၈ ခါခွဲသောက်ခိုင်းတာကို သူတို့က ကော်ဖီမစ်ဆိုတော့ တထုပ်ကို တခါတည်းသောက်ရမယ်ထင်လို့သောက်လိုက်ကြတာ၊အဲ့ဒါမှ အစာအဆိပ်သင့်သွားတာ၊အမတို့တော့ အဲ့ဒီကော်ဖီ တခါမှမမြင်ဖူးဘူး၊မနက် ၇ နာရီလောက်ကဖြစ်ကြတာ”လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။

အစာအဆိပ်သင့်ခဲ့သူတွေကတော့ နတ်မောက်ရွှေသူဌေးကုန်းကျောက်တိုက် ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ဦးပြုံးမောင်(၅၃)နှစ်၊ကိုနှင်းသန့်အောင်(၃၂)နှစ်၊ကိုရဲကိုမျိုး(၁၉)နှစ်နဲ့ ကိုထိန်လင်းဦး(၂၇)နှစ်တို့ ဖြစ်ပြီး လက်ရှိ တာချီလိတ် ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေကာ သက်သာနေပြီလို့သိရပါတယ်။

အစာအဆိပ်သင့်စေခဲ့တဲ့ ကော်ဖီမစ်ကိုတော့ ဆရာဝန်တွေက ဓာတ်ခွဲစစ်ဆေးကြည့်ဖို့အတွက်ယူဆောင်သွားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာတော့ အဲ့ဒီကော်ဖီမစ်ဟာ မူးယစ်စေတဲ့ ဆေးတမျိုးပါဝင်ပြီး ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသလို နယ်စပ်က KTVနဲ့ကလပ်တွေမှာအသုံးပြုလေ့ရှိတယ်လို့ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW