မင်းပြားမှာ ကျောင်းဆရာမတဦး နဲ့ ၈ နှစ်အရွယ် ကလေးတဦးအပါအဝင် ၃ ဦး လက်နက်ကြီးမှန်ပြီး သေဆုံး

အောက်တိုဘာ ၁၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာမှာ ဒီကနေ့ တနင်္လာနေ့ ညနေအစောပိုင်း ၃ နာရီလောက်က လက်နက်ကြီးထိမှန်ပြီး အစိုးရဝန်ထမ်း ကျောင်းဆရာမတဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှာလည်း အမျိုးသမီးတဦးနဲ့ ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာက သေဆုံးသွားတဲ့ ကလေးငယ်ဟာ မရွှေအေးသိန်းလို့ သိရပြီး အသက် (၈)နှစ်ဖြစ်ကာ နောက်ထပ်အမျိုးသမီးတဦးကတော့ အသက် (၂၃) နှစ်အရွယ် မလှဆန်းယဉ် ဖြစ်တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာက ဖြစ်စဉ်မှာတော့ နေ့လယ် ၁၂ နာရီလောက်ကစတင်ပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ ဆူညံနေကြောင်းနဲ့ အဲဒီအချိန်ဟာ ကျောင်းသူ၊ ကျောင်းသားလေးတွေကို စာသင်ပြနေချိန်ဖြစ်တာနဲ့အညီ လက်နက်သံတွေကို ကြားလာရတာကြောင့် ထွက်ပြေးကြရာကနေ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဆရာမဟာ အသက် (၄၈)နှစ်အရွယ် ဒေါ်မမြင့်စော ဖြစ်ကြောင်းနဲ့ မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး ထောင့်ချောင်းကျေးရွာကနေ နာရီဝက်ခန့် ရေကြောင်းနဲ့ သွားရတဲ့ သိမ်တောင်ရွာသို့ ထွက်ပြေးကြရာကနေ စက်တပ်လှေနဲ့ ချောင်းကမ်းကနေ ထွက်ခွာစဉ် လက်နက်ကြီးကျည်ကျရောက်လာကာ အခုလို ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ထောင့်ချောင်းကျေးရွာက ကျောင်းဆရာမတဦးက “ ကျမတို့ စာသင်နေတဲ့အခါ စာသင်ကျောင်းမှာ လက်နက်ငယ်လို့ယူဆရတဲ့ ကျည်တွေကျတယ်။ အဲဒီလို ကျတယ်ဆိုတော့ ကြောက်ပြီးထွက်ပြေးကြတာ။ အဲဒီမှာ လှေပေါ်ကိုတက်ပြီး ခဏအကြာ လက်နက်ကြီးတစ်လုံး ကမ်းနားမှာ လာကျတယ်။ နောက်တစ်လုံးလာတဲ့အခါ လှေပေါ်က ဆရာမဆီမှာ ကျတယ်။ အဲဒီကျည်က နောက်ကျောကိုထိပြီး ရင်ဘတ်ကနေ ဖောက်ထွက်သွားတယ်။ အဲဒီနေရာမှာပဲ သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။

ဆရာမဟာ ထောင့်ချောင်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း (၂၀) ကျော် ကြာနေပြီဖြစ်ကြောင်းနှင့် ကလေးတွေကို ပညာသင်ကြားပို့ချပေးတဲ့ လုပ်သက်ရင့်ဆရာမကြီးတဦးဖြစ်ကာ မင်းပြားမြို့ဇာတိဖြစ်တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာရှိမရှိကို ဒေသခံတွေအနေနဲ့ မသိရသေးပေမယ့် လက်နက်ကြီးရော လက်နက်ငယ်သံတွေကိုပါကြားနေရတယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို စတင်ကြားလာရတာဖြစ်ပြီး ထောင့်ချောင်းကျေးရွာရဲ့ အနီးပတ်ဝန်းကျင်လယ်ကွင်းတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေ ရှိကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“လက်နက်ကြီးက ရွာမှာကျတာတော့မရှိဘူး။ ဒါပေမယ့် လယ်ကွင်းပြင်တွေမှာတော့ ကျတယ်။ တိုက်ပွဲဖြစ်တာလား ဘာဖြစ်လည်းဆိုတာတော့ မသိဘူး။ ပစ်သံတွေကတော့ တောက်လျှောက်ပါပဲ။ လက်နက်ကြီးရော၊ လက်နက်ငယ်တွေပါ ပစ်တာ။ နားတွေပွင့်ထွက်မတတ်ပဲ။ ပေါက်ကွဲသံတစ်ချက်ကြားပြီဆိုတာနဲ့ အိမ်ခေါင်မိုးတွေမှာ ကျည်ခွံတွေကျသလို တဖြောင်းဖြောင်း ကြားကတယ်” လို့ ထောင့်ချောင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဆရာမရဲ့ ရုပ်အလောင်းကို မင်းပြားမြို့နယ်ပြည်သူ့ ဆေးရုံသို့ နာရေးကူညီမှုအသင်းကားနဲ့ ယူဆောင်းသွားကြောင်းနဲ့ ဘူးပင်ကျေးရွာအနီး တပ်ကအစစ်အဆေးတွေရှိနေတာကြောင့် လူနာကို မင်းပြားသို့ ပို့ဆောင်ရေးကြန့်ကြာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမသေဆုံးသွားသလို တခြားဆရာမတဦးကလည်း သတိလစ်မေ့မျောနေတာ လက်ရှိအချိန်ထိ သတိမရသေးဘူးလို့ ဆရာမတဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ သေဆုံးသူ ၃ ဦးအပြင် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရသူ ၃ ဦး၊ ဘူးပင်ကျေးရွာက ၄ ဦးနဲ့ ဆားပြင်ကြီးကျေးရွာက ၅ နှစ်အရွယ်ကလေးတဦးအပါအဝင် ဒဏ်ရာရသူ ၄ ဦးတို့ ဖြစ်ကြောင်း ပြည်နယ်တွင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခ တစ်ကျော့ပြန်ဖြစ်ပွားလာချိန် အရပ်သား ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှု ၃၀ နီးပါးရှိလာပေမယ့် အရပ်သားတွေထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်ပြီး မျက်ကွယ်ပြုခံနေရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကစပြီး တပ်နဲ့ အေအေတို့ကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ခဲ့ကြလို့ ဒေသတည်ငြိမ်မှုရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းကနေစပြီး နှစ်ဖက်စစ်ရေးတင်းမာလာမှုနဲ့အတူ တဖက်မှာလည်း နိုင်ငံရေးအကျပ်အတည်းကြောင့် ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝကို များစွာ ရိုက်ခတ်မှုရှိလာကြောင်း ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #မင်းပြား #လက်နက်ကြီးမှန် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW