စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြန်တက်၊ ပြင်ပပေါက်ဈေး တစ်ပိဿာ ကျပ် ၉ ထောင်ကျော် ပြန်ဖြစ်လာ

အောက်တိုဘာ ၂၆ – ၂၀၂၂
SN (VOM)

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ အရင်တပတ်ထက် ကျပ် ၂၀၀ ကျော် ပြန်ပြီး မြင့်တက်လာပါတယ်။

ကော်မတီအနေနဲ့ မနေ့ အောက်တိုဘာ ၂၅ ရက်နေ့က‌နေ ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို တစ်ပိဿာ ၄၁၇၅ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး အရင်တပတ် ရည်ညွှန်းဈေးနဲ့ယှဉ်ရင် ၂၁၅ ကျပ် ပြန်တက်လာတာပါ။

ဒါဟာ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။

“စားဆီဈေးက ဈေးကစားသူတွေကြောင့်ရော၊ လက်ထဲရှိပြီး ထုတ်မရောင်းချင်သူတွေကြောင့်ရော ပြင်ပဈေးက အတက်ဘက်ရောက်သွားတာ။ ဒီအချိန်မှာ ရည်ညွှန်းဈေးပါ ပြန်တက်လာတာဆိုတော့ ဆိုဖွယ်ရာမရှိပေါ့။ ကော်မတီကိုယ်တိုင်ကကို ဈေးကိုမထိန်းနိုင်သေးဘူး။ ဈေးကစားတဲ့သူတွေ၊ သိုလှောင်တဲ့သူတွေ အရေးယူမယ်လို့သာ ပြောနေတယ်။ ဒီကနေ့အထိ ဘာမှ ဖြစ်မလာသေးဘူး။ ဈေးက သူများကို အရေးယူဖို့မပြောနဲ့၊ သူတို့ဆီမှာတောင် ဈေးမငြိမ်သေးဘူး။ ထိန်းမထားနိုင်သေးဘူး”လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။

၂၀၂၀ ခုနှစ်က ပြည်တွင်း စားအုန်းဆီဈေး တစ်ပိဿာ ၂၄၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ ကျပ် ၁ သောင်းကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာလည်း FATF ရဲ့ အမည်ပျက်စာရင်းကြောင့် ဈေးနှုန်း အတက်အကျတွေ ပိုပြီးဖြစ်ပေါ်သလို အချိန်နဲ့အမျှ ဈေးနှုန်းပြောင်းလဲနေတာတွေကြောင့် ဈေးနှုန်းအတိအကျ သတ်မှတ်ပြီး ဈေးဖွင့်နိုင်ဖို့လည်း အခက်ကြုံနေရတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“အခုက ဈေးမငြိမ်တော့ ဈေးဖွင့်ဖို့ခက်နေတယ်။ ဒေါ်လာဈေးဘက်မှာလည်း ဈေးကစားတာတွေ ရှိနေတယ်။ ဒီကြားထဲ ရည်ညွှန်းဈေးပါ ထပ်တက်သွားတော့ လုပ်ရကိုင်ရခက်တဲ့ အနေအထားပေါ့” လို့ စားသုံးဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်ပက တင်သွင်းနေရတဲ့ စားသုံးဆီအမျိုးမျိုးဟာ နိုင်ငံခြားငွေ လဲလှယ်နှုန်းပေါ် မူတည်နေတဲ့အတွက် စျေးမငြိမ်ဖြစ်နေတာလို့ သိရပါတယ်။

“ဆီဈေးတွေက ၆၀၀၀ ကျော်ကနေ ချက်ချင်းကြီး ၈၀၀၀ ကျော်၊ အဲ့ကနေ ဒီနေ့ ၉၀၀၀ ကျော် ဖြစ်သွားတယ်။ ဈေးက ပြန်ကျဖို့သာကြာတာ။ တက်ရင်တော့ မြန်သလားမမေးနဲ့။ ချက်ချင်းကို ခုန်တက်သွားတာ။ ကျရင်တော့ ခဏပဲ။ တက်ရင်တော့ ပြန်ကိုမဆင်းတော့ဘူး” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းတွေဟာ သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ ဒေသပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲတွေ ဖြစ်နေပြီး တချို့ဒေသတွေနဲ့ တဆင့်ခံ ပြန်ရောင်းနေတဲ့ ဆိုင်တွေမှာ တစ်ပိဿာ ကျပ် ၉၀၀၀ အထက်ထိ ပေါက်စျေး ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လက်ရှိမှာ စားသုံးဆီ တစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ ရောင်းချပေးနေပေမယ့် လုံလောက်မှု မရှိဘူးလို့ တန်းစီ ဝယ်ယူသူတွေက ပြောပါတယ်။

ပြည်တွင်း စားသုံးဆီသုံးစွဲမူဟာ တစ်နှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိ ရှိနေတဲ့အတွက် နှစ်စဥ် တန်ချိန် ၆ သိန်းကနေ ၇ သိန်းကြားကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ အဓိက တင်သွင်းနေရတယ်လို့ သိရပါတယ်။

လက်ရှိ ပြင်ပ ဒေါ်လာပေါက်စျေးဟာ ရောင်းဈေး ၃၀၅၀ ကျပ် ၊ ဝယ်ဈေး ၂၉၅၀ ကျပ် ဈေးတန်းမှာပဲ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Photo-MEODA
#voiceofmyanmar #VOM #စားသုံးဆီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW