အိန္ဒိယမှာ ကိုလိုနီခေတ်တံတားတစင်းပြိုကျမှုကြောင့် လူ ၁၄၁ ဦးသေဆုံး

ဒေလီ၊ အောက်တိုဘာ-၃၁-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှာ လူကူးကြိုးတံတားတစ်စင်းပြိုကျမှုကြောင့် လူ ၁၄၁ ဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ဒေသခံအရာရှိတွေကပြောပါတယ်။

မော်ဘီမှာရှိတဲ့ အဲဒီကြိုးတံတားကို ပြုပြင်ပြီးနောက် တစ်ပတ်အကြာမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒီပါ၀လီပွဲတော် ကျင်းပနေချိန်မှာ အဲဒီတံတားပေါ်မှာ လူတွေပြည့်လျှံနေခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

၇၅၄ ပေအရှည်ရှိတဲ့ မက်ချူးချူးမြစ်ပေါ်ရှိ အဲဒီတံတားကို ဗြိတိသျှတို့အုပ်ချုပ်စဉ် ၁၉ ရာစုကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တံတားပြိုကျတဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေပါတယ်။

ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အခင်းဖြစ်ရာနေရာကနေ လူ ၁၇၇ ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လူအများအပြားဟာ အားလပ်ရက်အလည်အပတ်ခရီးအဖြစ် ဒီတံတားကို လာရောက်ကြတာဖြစ်ပြီး တံတားက ခံနိုင်ရည်မရှိတော့တာကြောင့် ပြိုကျခဲ့တာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW