နိုဝင်ဘာ ၂ – ၂၀၂၂
SN (VOM)
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျောင်းတစ်ကျောင်းနဲ့ သာကေတမြို့နယ်ရှိ ကျောင်းတစ်ကျောင်းမှာ မွေးနေ့ပွဲကျင်းပရာက ကလေးအယောက် ၆၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။
အဲ့ဒီ့ဖြစ်စဉ်တွေဟာ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တွေကို ဆေးရုံတွေဆီကို အချိန်မီ ပို့ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
“ကျောင်းကိုလာလှူတဲ့ ကြာဆံကြော်ကိုစားပြီး အစာအဆိပ်သင့်ကြတာ။ ရောဂါနည်းနည်းပြင်းထန်တဲ့ ကလေးတွေကိုတော့ ဆေးရုံပို့လိုက်ပြီ။ သိပ်မပြင်းထန်တဲ့ ကလေးတွေကိုတော့ ကျောင်းဝန်းထဲမှာပဲ ကျန်းမာရေးအဖွဲ့တွေက ဆေးကုပေးနေတယ်။ ကြာဆံကြော်လာပို့တာ ဘယ်ကမှန်းတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အလှူလုပ်ချင်တယ်ဆိုပြီး လာပို့တာ။ အဲ့ဒါစားပြီး ကလေးတွေက ဗိုက်တွေအောင့်တယ်၊ အန်တယ်၊ မူးတယ်ဖြစ်ကုန်ကြတယ်” လို့ အဲ့ဒီ့ဖြစ်စဉ်မှာ ပါဝင်ကူညီပေးနေတဲ့ သာကေတမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
အစာအဆိပ်သင့်မှုဖြစ်ပွားရာ စာသင်ကျောင်းတွေဟာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်မှာရှိတဲ့ ရာဇဂြိုဟ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ သာကေတမြို့နယ်က အ.မ.က (၂၉) ကျောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစာအဆိပ်သင့်တဲ့ ကလေးငယ်တွေကို စံပြဆေးရုံ၊ ရန်ကင်းကလေးဆေးရုံနဲ့ မြောက်ဥက္ကလာပဆေးရုံတွေကို ပို့ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
အဆိုပါ အစာအဆိပ်သင့်ခြင်း (Food poisoning)ဟာ ကလေး၊ လူကြီး အရွယ်မရွေး အခန့်မသင့်ရင်ဖြစ်တတ်တဲ့ အရာတစ်ခုဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်စားမယ့် အစားအသောက် သန့်ရှင်း လတ်ဆတ်မှု ရှိ၊မရှိကို ဦးစွာစစ်ဆေးပြီး တရက်ထဲမှာ အစားစုံအောင်မစားမိဖို့ အထူးသတိပြု ဆင်ခြင်သင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောပါတယ်။
“ဒီ အစာအဆိပ်သင့်တာကတော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးတွေ ရှိတဲ့ အစားအသောက်တွေကို စားမိတဲ့အချိန်မှာ ဖြစ်တတ်သလို တခြား ဓာတ်မတည့်တဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် တရက်တည်း အစားစုံအောင်မစားမိဖို့လည်း လိုပါတယ်။ ပြီးတော့ အစားအစာ သိုလှောင်တဲ့နေရာနဲ့ စားဖို့ ပြင်ဆင်တဲ့အချိန်တွေမှာလည်း သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ အစားအသောက်မှာ ပိုးမွှားဝင်နိုင်ချေနည်းလမ်း အများအပြားရှိပါတယ်။ ဒါတွေကြောင့်လည်း အစာအဆိပ်သင့်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်း ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ကို အနားပေးပြီး ပြန်လည်ကုစားဖို့ အချိန်ယူရပါမယ်”လို့ သူက ပြောပါတယ်။
ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျောခြင်းနဲ့ ဖျားနာခြင်းတို့က အစာအဆိပ်သင့်ခြင်းရဲ့အတွေ့အများဆုံး ရောဂါလက္ခဏာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲဆိုရင် စောင့်ကြည့်သင့်တဲ့ စိုးရိမ်စရာကောင်းတဲ့ လက္ခဏာတွေက ရေဓာတ်ခန်းခြောက်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ ဆီးနည်းခြင်း၊ ဘာမှမကျန်လောက်အောင် အော့အန်နေခြင်း၊ ဆီးဝမ်းသွေးပါခြင်း၊ အဖျား (၁၀၀ ဒသမ ၄) အထက် ရှိခြင်း၊ ဝမ်းဗိုက်မခံမရပ်နိုင်အောင် နာကျင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်ဆီ သွားကိုသွားရမယ့် အချိန်ပါပဲ။ ဒီလိုမှမဟုတ်ရင် ရောဂါလက္ခဏာ သက်သာလာတဲ့အထိ အရည်ဓာတ် ဖြည့်တင်းလို့ရပါတယ်။ အဲ့ဒီ့အချိန်မှာတော့ နို့ထွက်ပစ္စည်းနဲ့ အသီးအရွက်တွေစားတာမျိုး ရှောင်ပေးရပါမယ်။ ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ မသက်သာသေးရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
အခုလို အစာအဆိပ်သင့်တဲ့အခါ ရွေးချယ် စားသောက်ရမယ့် အစားအသောက်တွေကတော့ ငှက်ပျောသီး၊ အုတ်ဂျုံမှုန့်၊ အာလူး၊ ဘီစကွတ်၊ ပေါင်မုန့်ကင်၊ ပန်းသီးဆော့စ်၊ ထမင်းနဲ့ ကောက်ပဲသီးနှံများ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အစာအဆိပ်သင့်ခြင်း မဖြစ်ဖို့ ပုပ်သိုးနေပြီဖြစ်တဲ့ အစားအသောက်တွေရဲ့ လက္ခဏာတွေကို ရှာဖွေရမယ့်အပြင်ရေခဲသေတ္တာရဲ့ သင့်တော်တဲ့အပူချိန်မှာ သင့်တော်တဲ့နည်းလမ်းနဲ့ သိုလှောင်ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်သလို အသားတွေကို သင့်တော်တဲ့အပူချိန်မှာ ချက်ဖို့နဲ့ အသားစိမ်းတွေကို ကိုင်တွယ်ရာမှာ လက်ကို သေချာဆေးကြောဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
Photo crd – Original Uploader
#VOM #voiceofmyanmar #ရန်ကုန်