ဆူးငှက်
”ရွက်နုဝါ ရောယှက်လို့
တောနက်တဲ့ မြိုင်သာ
စောရတက် ခိုင်ညှာမှာ
ကြိုင်မွှေးဝါ မြပန်း
ထက်ဆွယ်ကမ်း ကုန်းဆည်
ရွေတညီ လွမ်းစေဖို့ဆန်း”
ဆောင်းကဖြင့် လမ်းကြုံလို့ လှည့်ဝင်လာသည့် ဧည့်သည်တစ်ယောက်လို ထပြန်ရန် ဟန်တပြင်ပြင် ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျား ရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း ထွက်ပြေးသွားသည်။ အလည်လွန်လိုက်ပုံကလည်း ညနေ ငါးနာရီခွဲလောက်အထိ ပြန်မရောက်။ နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင်ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။ စိမ့်စိမ့်..အေးအေး..ဆောင်း။ ဟော..ကြည့်၊ မနက်လင်းပြန်တော့ ရုပ်မြင်သံကြားမှ တောင်တန်း ဆရာတော်ကြီး ပရိတ်မရွတ်မီ မျက်ကလဲ ဆန်ပျာနှင့် ကိုယ်ရောင်ဖျောက်သွားပြန်၏။ နှင်းရည်ဝ၍ အမြဲ ငိုက်မျဉ်းနေသော သစ်ပင်များကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာ ရွက်ဝါတွေ ခါချနိုင်တာကလွဲလို့ ငေါလောကြီး…။
ဆောင်းနှောင်း သစ်ပင်များကား ဘုရားစောင်းတန်းမှ နိမိတ်ကြီးလေးပါး သရုပ်ပြခန်းကို ‘သူအို’ခန်းမှချည်း သရုပ်ဆောင်ရန် ယိမ်းတိုက်ထားသလား အောက်မေ့ရသည်။ အားလုံးလိုလိုနံရိုးပြိုင်းပြိုင်း..။
နွေဦးကို စောင့်မျှော်နေကြပုံမျိုးဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ်နေ့လည်ခင်းများကား မကြာမီ ရာသီအစ၊ လည်ပတ်တော့မည် သကြားစက်၏ ဘွိုင်လာအိုး ချေးချွတ်ခေါက်သံ အချက်ကျကျဖြင့် ပုဒ်ဖြတ်ပေးခြင်း ခံနေကြရ၏။ လမ်းဘေး အအေးဆိုင်ကလည်း ကြံရည်ကြိတ်စက်သံဘီးကြီးကို သင်္ဘောဆေးသုတ်ပြီး ဂျလောင်းဂျလောင်း မြည်သံပေးကာ စမ်းသပ်စစ်ဆေးနေသည်။
နွေကလည်း နွေမရောက်ခင် ဝီရိယ လွန်ကဲစွာ ဟန်ရေးတပြပြ ဖြစ်လွန်းသောကြောင့် ဆောင်းနှောင်းက ဒေါသတကြီး တုံ့ပြန်လိုက်သဖြင့် တပို့တွဲလပြည့် ဝန်းကျင်ညများကား အစွမ်းထက်ထက် အေးမြသွားခဲ့၏။ ဟိုး.. ရှေးယခင်ကတော့ ဤသို့သော တပို့တွဲ၏ အအေးမှာ ချွေးဒီးဒီးကျမျှ ထ-ထမနဲပွဲ၊ ဆင်ယင်နွှဲခဲ့ကြသေးသည်။
သူ့အိမ်က ကောက်ညှင်း ငါ့အိမ်က မြေပဲဆံ၊ ဟိုအိမ်က အုန်းသီး..၊ သည်အိမ်က ဆီနှင့် အားလုံးပေါင်းကာစည်းကာ စုစည်းညီညာလိုက်တော့ ထမနဲ တစ်ဒယ်ရ၏။ မိုးဗြဲဒယ်ကြီးထဲက ပူပူနွေးနွေး အငွေ့တထောင်းထောင်းက ထမနဲကို ဘုရားဆွမ်းတော်တင်ရန် ဦးစွာခူးခပ်ရသည်။ ထို့နောက် ဘုန်းကြီးကျောင်းများအတွက်…။
ထို့နောက် အိမ်အနီးအပါး သက်ကြီးရွယ်အိုများအတွက်…။ ထို့နောက် သူ့အိမ် ကိုယ့်အိမ်အချင်းချင်း ဝေငှကြသည်။ မြည်းကြ စမ်းကြသည်။ ပျော့သတဲ့..၊ မာသတဲ့..၊ ပေါ့သတဲ့..၊ ငန်သဟဲ့နှင့် အရသာ ဖလှယ်ကြ၏။ ကလေးတစ်ဖော်ကတော့ ဒယ်အိုးက ချိုးနှင့် ယောင်းမမှာကပ်နေသော ထမနဲတွေခွာက တပျော်တပါး စားကြသည်။
ထိုညမှာပဲ မြတ်စွာဘုရားထံ မီးပုံထင်းများ ကပ်ကြ…၊ ထမနဲ ဆွမ်းများကပ်လှူကြသည်။ လပြည့်လွန်သည်နှင့် ဆောင်းက ခေါင်းငိုက်စိုက်ချကာ ပန်းလျသွားတော့၏။
ဒါပေမယ့်..’နေပူလို့ ညချမ်း၊ တပေါင်းလသရမ်း’တဲ့လေ..။ လျှော့မတွက်လေနဲ့ဦး..။
××××× ××××× ×××××
ပုရစ်နုနု၊ ကျေးဥငုံစီ၊
မြတ်ပန်း ရင်ခတ်၊ လတ်လတ်ငယ်ပြုံးရီ၊
ဖန့်ဖန့်မပြီ၊ ခါညီချိန်ရက်၊
ပွင့်ထူးဆန်းစုံ၊ မြိုင်ရဂုံ၊
သိုက်မြုံပင်ယံထက်မှာ တည့်လေး။
မောင်ပေါက်စည်(မန်းတက်္ကသိုလ်)
ဆောင်းသည် အသက်ကြီးရင့်ခါမှ သူငယ်ပြန်ပြီး ငါမအိုသေးဟုအစွမ်းပြကာ အအေးဓာတ်ကုန် လွတ်ပြီးနောက် အားမာန်လျှော့ချေပြီ။ မည်မျှပင် မာန်တင်း၍ စိတ်ဆောင်သော်လည်း ဇရာကစကားပြောလာသောအခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပေ။ အရင်က တပို့တွဲလပြည့်ကျော်သည်နှင့် အနွေးဓာတ် ဝင်ရောက်ကာ နွေသရုပ်တွေ ပီပီပြင်လာ သော်လည်း ဒီနှစ်မှာတော့ ဆောင်းသူငယ်ပြန်မှုကြောင့် နွေသည်တပေါင်းလပြည့်ကျော် သည်အထိ နောက်ဆုတ် သေးလိုက်၏။ အားမတန်၍ မာန်လျှော့လေသည်လား။ ထိုးမည့်ဆင်မို့ နောက်သို့ခြေတစ်လှမ်း ဆုတ်လေသည်လား။ ဒါမှမဟုတ် ရန်သူကို မိတ်ဆွေဖြစ်လို ခြင်းအတွက် နားလည်မှုပေးကာ ရင်ကြားစေ့လေသည်လား။ မည်သို့ပင်ဖြစ်စေ လောကနိယာမအရ ဆောင်းသည်ကုန်ချိန်တန်သည်နှင့် မည်သို့ပင်ကူပံ့ ထောက်ကန်၍မရနိုင်သော် သင်္ခါရ၏ အနားပေးခြင်းကို ခံရချေပြီ။
နွေသည်လည်း သူ့ခေတ်သူ့အခါရောက်လို့ အစွမ်းပြဖို့ဟန်ရေးပြပြန်ပြီ။ လက်ခမောင်းတဖောင်းဖောင်းရိုက်ရင်း မာန်မာနတွေတတ်ကြွနေပြန်၏။ ငါ့ရာသီ ငါ့ဥတု ရောက်ရင်တော့ ငါ့ခြေ၊ ငါ့လက်မို့ အစွမ်းပြပူလိုက်ဦးမဟဲ့ ဟုကြွေးကြော်နေသယောင်။ တကယ်တော့ သဘာဝတရားကြီးက ဘက်မလိုက်ဘဲ အပေးအယူမျှမျှဖြင့် ညီညွတ်သော ပဋိပက်္ခ အသွင်ဆောင်ကာ လောကကြီးကိုအလှဆင်၏။ လူသားများကို အကျိုးပြု၏။ သူ့စည်းသူ့တာ၊ ကိုယ့်စည်းကိုယ့်တာ ပိုင်နိုင်စွာမျှဝေယူ၍ အချိုးညီသောလုပ်ဆောင်အစွမ်းသတ်္တိများဖြင့် ကောင်းကျိုးပြုစေခဲ့၏။ အခုတော့ သဘာဝတရားကို အတ်္တ၊ မာန၊ လောဘ၊ အဝိဇ်္ဇာများဖြင့် ဆန့်ကျင်ကြလေပြီ။ မိုးကလည်း မိုးအလျောက်မိုးကြိုး၊ လေပြင်း၊ မုန်တိုင်းများဖြင့် အစွမ်းပြခဲ့ပြီ။ ဆောင်းကလည်း ဆောင်အလျောက် နှင်းထု၊ ရေခဲမှတ်၊ အအေးရိုင်းများဖြင့် တက်ထောင်မောင်းနင်းပြု၏။ သည်လိုဆိုရင်ဖြင့် နွေကလည်း အပူကြမ်တော့ချေမည်ပေါ့။ နွေကန့်လန့်ကာစဖွင့်သည်နှင့် အပူရှိန်က ဓားသွေး၊ မြှားချွန်၊ လှံသလုပ်နေချေပြီ။ ကဆုန်၊ နယုန်ရောက်လျင်ဖြင့် လက်နက်အင်္ဂါအစုံအလင်ဖြင့် စစ်ကြေညာမည့်သဘော…….။
ဆောင်းနှင်းတို့ကင်းလွတ်ခါစ ရွက်ဝါကြွေ၊ ပုရစ်ဖူးတို့လွန့်လူးခါစ နွေတမာန် ဥသြတို့ တွန်ကျူးခါစ ချစ်စဖွယ့် ရာသီမှာပင် စစ်မောင်းသံတဝေေ၀ အသံကိုဖြင့် မကြားချင်တော့။ ယဉ်ကျေးဖွယ်ရာသော လူ့အဖွဲ့အစည်းတွင်ရရှိလာသည့် အချိန်တိုကာလအတွင်း ကိုယ်စွမ်းဆောင်နိုင်သည့် နေရာမှ အပေးအယူမျှစွာ တာဝန်ကိုယ်စီယူကြရပေမည်။ ဘယ်သူက ဘယ်သူ့ထက်မှ ခေါင်းတစ်လုံးပိုမမြင့်ကြ။ နွေလည်းနွေအလျောက် ……..၊ မိုးလည်းမိုးအလျောက် …..၊ ဆောင်းလည်း ဆောင်းအလျောက် ….. မျှမျှတတပေါ့။ အခုတော့ ဆောင်းက အရွယ်လွန် ပြန်ချိန်တန်ပါမှ သူငယ်ပြန်နေချေသေးတော့..။
ပုရစ်ဖူးတို့လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း
ဆူးငှက်