ညောင်ခါးရှည်စစ်ဆေးရေးဂိတ် အချိန်ကြန့်ကြာမှုကြောင့် ကုန်ကားတွေ စောင့်နေရပြီး ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၄ – ၂၀၂၂
SN (VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန်အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်နေတဲ့အတွက် ကုန်ကားတွေ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု အခက်အခဲတွေ ဖြစ်နေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။

လက်ရှိမှာ စက်သုံးဆီစျေးတွေ မြင့်တက်နေတဲ့အပြင် လမ်းခရီးမှာ စောင့်ဆိုင်းရမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကုန်စည်စီးဆင်းမှုတွေ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။

“ကုန်တွေအချိန်မီ မရောက်တော့ လမ်းမှာတင် အပျက်အစီး ရှိတာပေါ့။ အခုလို လောင်စာဆီ ရှားပါးနေချိန်မှာ ကုန်စည်စီးဆင်းမှုကို အနှောင့်အရှက်ပေးသလို ဖြစ်နေပြီ။ အတင်းကျော်လို့ အကျော်မတတ်ရင် ဖမ်းပြီး ဒဏ်ရိုက်တဲ့အဖွဲ့ကလည်း သက်သက်ကို ရှိသေးတာ”လို့ ကုန်တင်ယာဥ်မောင်းတဦးက ပြောပါတယ်။

နစကအနေနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်မှု ရှိ၊မရှိ စစ်ဆေးဖို့ဆိုကာ အခုလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီစစ်ဆေးရေးဂိတ်ကြောင့် ကုန်စည်စီးဆင်းမှု အခက်ခဲတွေဖြစ်နေသလို ခရီးသွားပြည်သူတွေအတွက်လည်း အကျိုးဖြစ်ထွန်းမှု မရှိဘူးလို့ သူက ပြောပါတယ်။

“တခါစောင့်ရရင် အနည်းဆုံး ၇ နာရီကနေ အများဆုံး ၁၀ နာရီလောက်အထိ ကြာတယ်။ ကားတန်းတွေက အနည်းဆုံး ၅ မိုင်လောက်အထိကို ရှည်တယ်။ သူတို့က စစ်ဆေးတာသာလုပ်နေတာ။ တခါမှ မိတယ်ဆိုပြီးမကြားဖူးဘူး။ စစ်ဆေးရေးဂိတ် ရှိနေတယ်သိမှတော့ ဘယ်သူက သယ်လာမှာလဲ၊ အသိဉာဏ်မရှိတာ ပေါ်လွင်ပါတယ်။ တကယ်ဒုက္ခရောက်တာက ခရီးသွားတွေပါ” လို့ ဒေသခံတဦးကပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့နေလို့ ယာဉ်တန်းကျော်တက်တဲ့ ကားတွေကိုလည်း ကားလိုင်စင်တွေသိမ်းတာအပြင် ကားတစီးကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ အထိ တောင်းယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်က လက်နက်သယ်ယူမှုတွေ၊ အမည်မသိလက်နက်ကိုင်တွေရဲ့ ဝင်ထွက်သွားလာမှုတွေကို တားဆီးစစ်ဆေးနိုင်ဖို့အတွက် နစကက ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန်အဝင် ညောင်ခါးရှည်ဂိတ်မှာ X-Ray စက်ကို အခု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက စတင်တပ်ဆင်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

Photo – ကုန်တင်ယာဥ်မောင်းတဦး
#voiceofmyanmar #VOM #ဝေါမြို့ #ညောင်ခါးရှည်စစ်ဆေးရေးဂိတ် #ကုန်စည်စီးဆင်းမှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW