နိုဝင်ဘာ၊ ၉ -၂၀၂၂
မင်းမြတ်(VOM)
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည် ချုပ် စက်ရုံပိတ်သိမ်းလိုက်တာကြောင့် ရုတ်တရက် အလုပ်သမား ၇၅၀ ကျော်အလုပ် လက်မဲ့ဖြစ်သွားတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေဆီကနေ သိရပါတယ်။
Chai Moon Sport အထည်ချုပ်စက်ရုံဟာ
တရက်နဲ့ တရက် အော်ဒါအထည် မှာယူတာ မရှိတော့တာကြောင့်ဆိုကာ အခုလ ၂ ရက်ကစတင်ကာ ၂ လအထိ ပိတ်လိုက်တာဖြစ်ပြီး အဲ့ဒီ့အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အထည်ချုပ် အလုပ်သမားဦးရေ ၇၅၀ ကျော်ဟာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားရတာကြောင့် အခက်အခဲတွေဖြစ်ပွားလာတာလို့ သိရပါတယ်။
”စက်ရုံ ပိတ်လိုက်တာဟုတ်တယ် ၊ အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်တာတဲ့ ၊ နှစ်လပိတ်မယ်လို့တော့ ပြောတာပဲ ၊ မသေချာဘူး ၊ အခက်အခဲကတော့ အဆောင်ခပေးရမယ့်ကိစ္စတွေကနေ စတင်လာပြီ ၊ အရင်က အလုပ်ရှိတာတောင် ခက်ခဲနေတာ ၊ အလုပ်မရှိတော့ အခြေအနေက ဆိုးဖို့ပဲရှိတယ်၊ စက်ရုံမှာက အလုပ်သမား ၇၅၀ ကျော်ရှိတယ်”လို့ အဲ့ဒီ့စက်ရုံကအလုပ်သမား ခေါင်းဆောင်တဦးကပြောပါတယ်။
Chai Moon Sport အထည်ချုပ်စက်ရုံကို လတ်တလောအနေနဲ့ နှစ်လအထိ ပိတ်မယ်လို့ပြောပေမယ့် အော်ဒါထည်တွေမှာယူတာ မရှိဘူးဆိုရင် စက်ရုံကို ပြန်ဖွင့်နိုင်မှာမဟုတ်တဲ့အတွက် အဆောင်ငှားနေတဲ့ အထည်ချုပ်အလုပ်သမားတွေ၊ အထည်ချုပ်စက်ရုံရှိတဲ့ မြို့ကို မိသားစုလိုက် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်နေသူတွေ ၊ စက်ရုံကရတဲ့ လစာကိုပဲအားကိုးနေရတဲ့သူတွေအတွက် ဘဝပျက်တဲ့အထိ ဖြစ်တာပဲလို့ စက်ရုံအလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။
”လောလောဆယ် နှစ်လပိတ်မယ်လို့ပြောတယ် ၊ နှစ်လ ပိတ်တာမပြောနဲ့ တစ်လပဲပိတ်မယ်ဆိုရင်တောင် တော်တော် ဒုက္ခခံရမှာ ၊ အခုခေတ်ကလည်း အားလုံး သိတဲ့အတိုင်း အလုပ်တစ်ခုပြန်ရဖို့က မလွယ်ပါဘူး ၊ အခုက နှစ်လအထိပိတ်တာတဲ့ ၊အထည်အော်ဒါမှာတဲ့သူရှိမှ ပြန်ဖွင့်မှာပါ ၊ အော်ဒါမရှိရင် ပြန်ဖွင့်ဖို့ကလည်း မသေချာသေးဘူး၊ ကျွန်မတို့ မိသားစုက စက်ရုံက ရတဲ့လစာလေးနဲ့ စားသောက်နေထိုင်နေရတာ ၊ အခု စက်ရုံက ရုတ်တရက်ဆိုသလို ပိတ်လိုက်တော့ ဘဝပျက်တာပဲ။”လို့ Chai Moon Sport အထည်ချုပ်စက်ရုံ အလုပ်သမား တဦးကပြောပါတယ်။
ပိတ်သိမ်းလိုက်တဲ့ Chi Moon Sport အထည်ချုပ် စက်ရုံမှာ လာရောက်အလုပ်လုပ်နေတဲ့ အလုပ်သမား တွေထဲမှာ ကျေးလတ်ဒေသကနေ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၇၅ ရာခိုင်နှုန်းအထိရှိ တယ်လို့သိရပြီး အလုပ်ရှိတဲ့အချိန်က လစာထုတ်ရက်ကျရင် ရှင်းပေးရတဲ့ တလဆိုင်းအကြွေးစနစ်နဲ့ ဆန်၊ စားသောက်ကုန်တွေကို ဝယ်စားလို့ရခဲ့ပြီး အခု အဲ့ဒီ့ အလုပ်စက်ရုံ ပိတ်တဲ့နေ့ကနေ စတင်လို့ မရောင်းပေးတော့တဲ့အတွက် အလုပ် လုပ်ချင်လျက်နဲ့ အလုပ်မရှိတဲ့အတွက် ယုံကြည်မှု မရှိကျတော့တာ အတော့်ကို ဘဝဆိုးတယ်လို့ အထည်ချုပ်လုပ်သားတွေကို ကူညီပေးနေတဲ့အဖွဲ့တခုမှ တာဝန်ရှိသူ တဦးကပြောပါတယ်။
”အဲ့ဒီစက်ရုံမှာ အလုပ်လုပ်တဲ့သူတွေ အများစုက ရွာတွေ ဘက်ကလာလုပ်တာပါ ၊ အခုအချိန်ကလည်း တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ဘဝ ၊ လာအကူအညီတောင်းတာရှိတယ် ၊ ဘာမှမလုပ်ပေးနိုင်ဘူး၊ အရင်ခေတ် မဟုတ်ဖူးလေ ၊ တချို့ဆို တော်တော်အခြေအနေဆိုးနေတယ် ၊ အလုပ်ရှိတဲ့အချိန်က လစာထုတ်ရက်ကျ ဆပ်ပေးရတဲ့ တလဆိုင်းအကြွေးနဲ့ ဆန်နဲ့ ဆီစားသောက်ကုန်တွေကို ရောင်းပေးတာရှိတယ် ၊ အခုကျတော့ အလုပ်စက်ရုံလည်း ပိတ်ကော မရောင်းပေးကျတော့ဘူးတဲ့ ၊ အထည်ချုပ် အလုပ်သမား ကောင်မလေး တဦးက ငိုပြီလာပြောတာ ၊ဒီအခက်အခဲတွေက ရက်ပိုင်းပဲ ရှိသေးတယ် ၊မကြံကောင်း မစည်ရာတွေ လုပ်လာတာကလည်း ဒီလို ခေတ်ဆိုး အခြေအနေဆိုးတွေ ကြုံရတာကြောင့်ပဲလို့ထင်တယ်။”လို့ သူကပြောပါတယ်။
အဲ့ဒီ့ အထည်ချုပ်စက်ရုံကနေ အလုပ်လက်မဲ့ဖြစ်ရသူ
တချို့ဟာ ရန်ကုန်ဘက်တက်ပြီး အလုပ်ရှာတာတွေလုပ်နေကြရပြီး ရန်ကုန်မှာလည်း အလုပ်ကနေ
လူမလိုတာ ၊ လုပ်သားလျှော့ချတာ ၊ စက်ရုံပိတ်တာ ၊ လုပ်အားခနဲ့ အခြားအခက်အခဲတွေကြောင့် အလုပ်သမားတွေဆန္ဒပြနေတာတွေအခုထိရှိနေတာကြောင့် အလုပ်ရှာရတာ တပတ်နီးပါးရှိလာတဲ့အထိ အဆင်မပြေ အလုပ်မရဘူးဖြစ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာရှိတဲ့ အခြားအထည်ချုပ်စက်ရုံတွေမှာလည်း အော်ဒါထည်မှာယူတာတွေ နည်းပါးလာတာကြောင့် လာမယ့်လတွေမှာ အခုလိုအဖြစ်တွေနဲ့ကြုံလာရနိုင်တယ်လို့ အထည်ချုပ်အလုပ်သမားတွေကိုကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ပုသိမ်မြို့က အထည်ချုပ်စက်ရုံတွေမှာ လျှပ်စစ်မီး ပုံမှန်မလာတဲ့အခါ လုပ်သားတွေရဲ့အလုပ်အချိန်ထဲက ငွေကို ဖြတ်နေတောက်တာတွေ လုပ်နေတာကြောင့် နစ်နာမှုတွေလည်းရှိနေတယ်လို့ သတင်း
မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ပုသိမ်