ဈေးချို၊ ဆလာမီ နှင့် အခွန်ဝန်ထမ်းအသင်းကြီး

ဆူးငှက်

မင်းတုန်းမင်းဟာ မန္တလေးရတနာပုံမြို့သစ် တည်ထောင်ဖို့ ၁၂၁၈(၁၈၅၆)ခုနှစ်မှာ အမိန့်တော်ချမှတ်ခဲ့တယ်။ မြို့တည်ကတည်းက ‘ဈေးချို’ကို တည်ဆောက်ခဲ့ပါတယ်။ မန္တလေးမြို့သစ်ရဲ့ ပန္နက်ပုံဟာ အမရပူရမြို့ဟောင်းက ရပ်ကွက်တွေ၊ ဥယျာဉ်တွေ၊ တံခါးတွေကို အခြေတည်လေတော့ အမရပူရမှာလည်း ဈေးချိုဆိုတာ ရှိခဲ့တယ်မဟုတ်လား။ ရှေးကတော့ ဈေးချိုမဟုတ်ပါဘူး။’ဈေးကြို’ လို့ ခေါ်ပါသတဲ့။ (၁၇၈၃) ခုနှစ်မှာ နေပြည်တော်ကို အင်းဝကနေ အမရပူရပြောင်းခဲ့သေးတော့ အင်းဝမှာလည်း ‘ဈေးကြို’အမည်နဲ့ အရပ်ရှိခဲ့ဖူးပါတယ်။

ရှေးတုန်းက မန္တလေးဈေးကြိုဟာ အခု ငပိတန်းလက်ကျား နေရာမှာပါ။ မန္တလေးမြို့ မြေပုံမှာ ‘ဈေးကြို’ နေရာကို ပြထားပါတယ်။ မြန်မာသက္ကရာဇ် (၁၂၃၈)ခု ပြာသိုလဆန်း (၁၄)ရက် (၂၈.၁.၁၈၇၆)ည၊ ရွှေနန်းတော်ကြမ်းပြင်မှာ ဈေးချိုတော်အတွက် အုတ် (၁၄)ဖိုဖုတ်ရန် အမိန့်တော်ခံပါတယ်။ ‘ဘုန်းတော်ဖြစ် ဗိုလ်ကြီးကြပ်ထုတ်လုပ်မည့် အုတ်တော်ကပေးစေဘုရား၊ အမိန့်တော်မြတ်ကို ဦးထိပ်ထက်ဆင် ရွက်ရမည်ကို ရွှေတိုက်အတွင်းဝန် တောင်ခွင်မြို့စား၊ ရွှေပြည်ဝန် ဝက်မစွပ်မြို့စားမင်းတို့ရှေ့ ဈေးချိုတော်အသစ် ဖြည့်သွင်းလုပ်ဆောင် ကုန်ဝယ်ရန်စာချုပ်’ ဆိုတဲ့ ပုရပိုဒ်အရ ကုန်ကျငွေတွေတောင်းခံပြီး ဈေးချိုတော်ကြီးကို ပြုပြင်တည်ဆောက်ပါသည်။

အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပြီးတဲ့နောက် ‘ဈေးကြို’ကို ‘မူလာအီစမန်’ဆိုတဲ့ ကုလားဝန်မင်းက အခွန်ကောက်ရလို့ ကုလားဝန်မင်းဈေး၊ မူလာအီစမန်ဈေးလို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ (၁၉ဝဝ)ပြည့်နှစ် ဧပြီ (၇)ရက်န့ထုတ် ဟံသာဝတီ သတင်းစာရဲ့ မန္တလေးသတင်းစာမှာ ‘မီးသင့်လောင်ခြင်း’ ခေါင်းစဉ်နဲ့ မန္တလေးဈေးချို မီးသင့်ပုံကို သတင်းပေးထားပါတယ်။ တစ်ခါ (၁၉ဝ၂)ခု၊ ဧပြီ (၁၂)ရက် (၁၂၆၄ခု၊ တန်ခူးလဆန်း ၅ရက်)မှာလည်း သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ဈေးချိုတော်ကြီး မီးသင့်လောင်ပြန်ပါတယ်။ ဒီနောက် မန္တလေးသူ မန္တလေးသားတွေနဲ့ အများကြီး ရင်းနှီးခဲ့ရတဲ့ ရုံကြီး (၁၂)ရုံနဲ့ အုတ်ကာသွပ်မိုး ဈေးချိုကြီးကို အီတာလျှံမင်းသား ဗိသုကာ ကောင့်ကာလာကတီက ၁၂၆၅ခု ဝါခေါင်လဆုတ် (၄)ရက်နေ့မှာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အရပ်ရပ်ကုန်ကျ ငွေ(၇၂၃,ဝဝဝ)ကျပ် ကုန်ကျပါတယ်။ အဲလို အုတ်တိုက်ဈေးချိုရုံကြီးတွေ တည်ဆောက်တော့ အစိုးရဆီကချးငွေတွေပန်ဆပ်ဖို့နဲ့ပတ်သက်ပြီး ဈေးချိုဆိုင်ခန်း ပိုင်ရှင်တွေနဲ့ မြူနီစီပယ်တို့အကြား အခွန်အတုတ်ကိစ္စတစ်ခုရှိတယ်။ ‘ဆလာမီ’လို့ခေါ်တယ်။ ဒီစကားရပ် ကို (၁၃ဝ၇)ခု၊ တပို့တွဲလပြည့်ကျော် (၇)ရက် စနေနေ့ထုတ်၊ မန္တလေးနဂါးနီစာစောင်မှာ ရှင်းလင်းပြထားပါသည်။

ဘယ်လိုရှင်းပြထားသလဲဆိုရင်..
‘ဆလာမီဆိုသော စကားမှာ စူလတီကုမ္ပဏီတို့ကို ရန်ကုန်မြူနီစီပယ်အပေါ်တွင် တရားစွဲဆိုသည့်အတွက် ဆုံးဖြတ်သည်မှာ မြေယာဆိုင်ရာ နေရာတစ်စုံတစ်ခု ကိုယ်ပိုင်ဆိုင်ခွင့်ရရှိခြင်းကို ဆလာမီဆိုသည့် ငှားရမ်းခဖြစ်ကြောင်း (၁၈၉၉)ခုနှစ်၊ တရားမသေးမှု နံပါတ်(၂၅၂ဝ)အရ၊ ဆလာမီဆိုသောစကား ပေါ်လာသည်။ အချုပ်လူတိုင်းနားလည်ရန်မှာ မိမိဆိုင်ထွက်သောနေရာကို မိမိတစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့်ကို ဆိုလိုသည်။ ဆိုင်ခွန်နှင့်မဆိုင်၊ ရှေးကလူများမှာ ဆိုင်ခွန်တခြား၊ ဆလာမီ တခြားပေးရသည်။ ‘မြူနီစီပယ်လက်စွဲ စာမျက်နှာ (၅၂)ကြည့်’ဆက်ပြီး မန္တလေးနဂါးနီမှာ ရေးထားတာက… “ဈေးချိုတော်ကြီးကိုဆောက်လုပ်ရန် ချေးငှား၍ ကုန်ကျသော စရိတ်များကို ဆိုင်ထွက်သော သူများအပေါ်တွင် ဈေးချိုတော်ကြီးဆောက်လုပ်ကုန်ကြသည်။ (၁၈၉၈)ခုနှစ်က မြူနီစီပယ်မှာ ရှေးအခါက အမှုဆောင်အရာရှိဟု သီးသန့်မရှိပါ။ အင်ဂျင်နီယာ အလုပ်အမှုဆောင် အရာရှိကြီး အလုပ်ပါ (၂) လုပ်တွဲ၍ လုပ်သည်။ လခမှာ (၁)လလျှင် (၇ဝဝ)ကျပ်သာ ပေးရသည်။ ရှေးအင်္ဂလိပ်လက်ထက် အမှုဆောင်အရာရှိကြီး လခ (၁၂ဝဝိ/-)။ အင်ဂျင်နီယာလခ (၁ဝဝဝိ/-)။ စုစုပေါင်း(၂၂ဝဝိ/-)ကုန်သည်။ ဈေးချိုတော်ကြီးဆောက်လုပ်ရာတွင် ကုန်ကျသောငွေမှာ (၇၂၃ဝဝဝိ/-)ကျပ် ကုန်သည်။ (၁၃ဝ၂)ခုနှစ်အထိဆိုလျှင် (၄၇)နှစ်ရှိ၍ ဆလာမီအတွက် ပေးရသောငွေကိုပေါင်းကြည့်လျှင် ဈေးချိုတော်ဆောက်၍ ကုန်ကျသောငွေပြေလျှင် ဆလာမီပေးရန် လိုသေးသလား”
လို့ ရေးသားထားပါတယ်။

သက်ဆိုင်ရာ မြူနီစီပယ်ကလည်း နယ်နိမိတ်အတွင်းရှိ ဈေးတွေမှာ မြူနီစီပယ်ဘိုင်လောကို ထုတ်ပြန်ပါတယ်။ အသစ်ဆောက်လုပ်ပြီးတဲ့အခါ ဈေးချိုတော်မှာရှိတဲ့ ဆိုင်ရှင်ဟောင်းနဲ့ ဆိုင်ရှင်သစ်တွေ လိုက်နာဖို့ မြို့နယ်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ မေဂျာကနေဒီက မန္တလေးမြူနီစီပယ်ဈေးများအတွင်းရှိ ဆိုင်နေရာများချထားရန်အတွက်ဆိုကာ ဥပဒေအမိန့်တွေ ထုတ်သေးတယ်။ ဒီတော့ အင်္ဂလိပ်အစိုးရရဲ့ မြူနီစီပယ်အဖွဲ့အစည်းဟာ မန္တလေးဈေးချိုတော်နဲ့ ပတ်သက်ပြီး အခွန်အတုတ်တွေ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ထိန်းကွပ်မှုအပေါ် ရိုးသားစွာ လုပ်ကိုင် စားသောက်ကြ ရတဲ့ဈးသည်တွေအနေနဲ့ ကျိုးကြောင်း သုံးသပ်တတ်၊ ပြန်လည်စောဒကတက်တက်၊ ရုံးပြင်ကန္နားကိစ္စ နားလည်တတ်ဖို့ အတွက် ‘ ဈေးအဖွဲ့ချုပ်’ကလည်း စာစောင်များကနေ ‘ဈေးသည်များတာဝန်’ဆိုပြီး လှုံ့ဆော်ရေးသားခဲ့
ကြပါတယ်။

နောက်တော့ ‘အခွန်ဝန်ထမ်း အသင်းကြီး’ဆိုတာ ပေါ်လာပါရော။ ဒီအသင်းကြီးက အင်္ဂလိပ်တွေ အထက်မြန်မာပြည်သိမ်းပြီး (၂၅)နှစ် အကြာမှာ
စတင်ပြီးဖွဲ့ခဲ့ကြတာပါ။ မူလ ဖွဲ့စည်းကြသူတွေဟာ ဟိုက်ကုတ်လွှတ်တော်ရှေ့နေကြီး မစ္စတာပီလေးနဲ့ မြန်မာပညာရှိမင်း ဦးကျော်ရန်တို့ဖြစ်ပါတယ်။ ဒုတိယအကြိမ် ဖွဲ့စည်းတော့ ဥက္ကဋ္ဌအဖြစ် (ယိုးဒယားဈေး) အနောက်ဖက် ဂျုံစက်ပိုင် ဦးချုံ၊ အကျိုးတော်ဆောင် အဖြစ် ဇမ္ဗူသိင်္ဂီပုံနှိပ်တိုက်ပိုင် ဆရာရွှေတို့ဖြစ်တယ်။ ဒီအသင်းကြီးဟာ (၁၉၃၂)ခု၊မလ (၁၇)ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပညာရေးဝန်ကြီးချုပ်ဆိုင်ရာ ဥပဒေပုဒ်မ (၁၁၇)အရ စံငှားခွန် တိုးတက်ကောက်ခံတာ၊ မီးသွေးထားတဲ့ကျီကို ထုံးသုတ် ခိုင်းတာ၊ မီးခြစ်စည်တွေကို မီးခံသေတ္တာနဲ့ထားရမယ်လို့ အမိန့်ထုတ်တာ၊ သရေစာသည်တွေ မြို့ပေါ်လှည့်လည်ရောင်းချတာကို အခွန်ခွဲရမယ်လို့ စီမံတာကိုကန့်ကွက်ခဲ့ပါတယ်။ ဒီကန့်ကွက်မှုဟာ (၁၂၉ဝ)ပြည့်နှစ်၊ ဝါခေါင်လဆန်း (၈)ရက်နေ့အိမ်တော်ရာ (၁၄)ခန်းဇရပ်ကြီးမှာ ကျင်းပတဲ့ မြို့လုံးကျွတ် အစည်းအဝေးကြီးက ပေါ်ထွက်လာခဲ့တဲ့ ရလာဒ်ပေါ့။

ဒီအစည်းဝေးကြီးက မြူနီစီပယ် ဘိုင်လောကို ကန့်ကွက်ဖို့ ဆောင်ရွက်ရန်(၅)မြို့နယ် လွှတ်တော်အမတ်ကြီး ဦးထွန်းမင်း၊ ဝံဿာနု ဦးကွန်း၊ လက်ဖက်ရည်ဆိုင်ရှင် ဦးအောင်ဘ၊ ရတနာပုံ ဦးလူကလေးတို့ လူကြီး (၄)ဦးခေါ်ဆောင်ကြတယ်။ ပြီးတော့ အခွန်ထမ်းအဖွဲ့တွေကို (၁)နံပါတ် ကနေ (၁ဝ)နံပါတ်အထိ ဖွဲ့ကြတယ်။ အသင်းခွဲ (၁ဝ)သင်းက အမှုဆောင်လူကြီးတွေ (၁)သင်း (၅)သင်းကျနဲ့ လူကြီး (၅ဝ)ရွေးသတဲ့။ ပြီးတော့မှ ပထမဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စက္ကထေရီ၊ တွဲဖက် စက္ကထေရီ၊ ငွေထိန်း၊
စာရင်းစစ်တွေပါတဲ့ ကော်မတီကြီး ထပ်ဖွဲ့တယ်။ ဒီကော်မတီကြီးက မီးသွေးကျီ ထုံးသုတ်ဖို့၊ မီးခြစ်စည်တွေ မီးခံသေတ္တာနဲ့ထားဖို့၊ သရေစာသည် အခွန်ကောက်ဖို့ ကိစ္စတွေ ကန့်ကွက်ရုံမျှမက မဟာမုနိဘုရားကြီးစောင်းတန်းက ဈေးသည်တွေကိုလည်း မြူနီစီပယ်က အခွန်ကောက်မယ့် ကိစ္စအပေါ် ဂေါပကလူကြီးလှသင်းမောင်က တိုင်တန်းလို့ အခွန်ထမ်းအသင်းကြီးက ကန့်ကွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး
အခွန်ဝန်ထမ်းအသင်းကြီးအနေနဲ့ မြူနီစီပယ်ကို ကန့်ကွက်ခဲ့တဲ့ကိစ္စတွေဟာ အိမ်ရှေ့ တစက်မြိတ် ကျူးခွန်ကိစ္စ၊ စာပုံနှိပ်စက်တွေ စံငှားခွန်ခွဲဖို့ စီမံတဲ့ကိစ္စတွေဖြစ်ပါတယ်။ ကန့်ကွက်မှုဟာ အောင်မြင်ခဲ့သတဲ့။

တစ်ခါမူနီစီပယ် အမတ်တွေ လခ တစ်လ (၅ဝဝ) ယူတာ ကန့်ကွက်ကြလို့ (၂၅ဝ)ဖြစ်သွားတယ်။ ပြီးတော့ ကျောက်လမ်း ကန်ထရိုက်တွေက လမ်းခင်းရာမှာ မတရားလည်ဆယ်လုပ်နေတာကိုလည်း အသင်းကြီးက ဖော်ထုတ်နိုင်ခဲ့သတဲ့။
နယ်ချဲ့ အင်္ဂလိပ်ရဲ့ ဖိနှိပ်မှုကို ဈေးချိုတော်ကြီးဖက်က မားမားမတ်မတ် ရပ်ပေးခဲ့တဲ့ အသင်းကြီးပေါ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW