ပြည်တွင်းကြက်သွန်နီဈေး အမြင့်ပိုင်းမှာ ဆက်လက် တည်ရှိနေ

နိုဝင်ဘာ ၂၀ – ၂၀၂၂
SN (VOM)

ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။

လက်ရှိ ကြက်သွန်နီစိုက်ပျိုးရာဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေနဲ့ စိုက်ခင်းတွေ မီးရှို့ဖျက်စီးခံနေရတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကြက်သွန်စိုက်ဧကတွေ နည်းပါးခဲ့ပြီး ကုန်အဝင်နည်းနေတာဖြစ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း မုန်တိုင်းမိုး ရွာသွန်းမှုတွေကြောင့်လည်း ကြက်သွန်ခင်းတွေထဲ ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်အထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

“အရင်ကတော့ မိုးကြက်သွန်နီတွေပေါ်လာရင် ဈေးကျမယ်လို့ ခန့်မှန်း‌ထားပေမယ့် အခုတော့ ကုန်အဝင်နည်းနေသေးလို့ ဈေးကကျမလာသေးဘူး။ ဒီနှစ်မှာက တိုက်ပွဲတွေကလည်းဖြစ်နေတော့ စိုက်ပျိုးဧကလည်း နည်းနေတယ်။ မိုးကလည်း အခုထိကို မပြတ်သေးတော့ အခင်းတွေထဲ ရေဝင်ကုန်လို့ ပျက်စီးတာတွေလည်းရှိတယ်၊ အဲ့ဒီတော့ အထွက်နည်းတယ်။ ပြီးတော့ ပြည်ပနိုင်ငံတွေကပါ အဝယ်လိုက်နေတော့ ကြက်သွန်ဈေးက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတာပေါ့”လို့ သူက ပြောပါတယ်။

မြန်မာ့ကြက်သွန်နီကို လက်ရှိမှာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က အဝယ်လိုက်နေပြီး ပြည်ပထွက်ပေါက်ရှိနေတာကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းလည်းဖြစ်ကာ ပြည်တွင်းစားသုံးမှုအရဆိုရင် ဈေးမြင့်တက်နိုင်ခြေမရှိဘူးလို့ သိရပါတယ်။

အခုအချိန် မြင်းခြံဘက်မှာ မိုးကြက်သွန်ပေါ်နေပေမယ့်လည်း ရောင်းတန်းဝင်အဆင့် အဝေးတင်ပို့နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ သိရပါတယ်။

ပခုက္ကူဘက်မှာတော့ မိုးမိထားတာကြောင့် ဂိုထောင်ထဲမှာပဲ ကြက်သွန်နီတွေ ပုပ်ကုန်တဲ့ အခြေအနေနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

”မိုးကလည်း လိုအပ်တဲ့အချိန် စိုက်ချိန်ပျိုးချိန်ဆို မရွာဘူး။ အခင်းသိမ်းချိန်ဆို ရွာပြီ။ ဂိုဒေါင်တွေထဲရေဝင်ကုန်တော့ ပုပ်ကုန်တာတွေလည်းရှိတယ်။ အဲ့ဒီတော့ ထင်သလောက် ဈေးကွက်ကိုမပို့နိုင်ဘူးပေါ့။ အခု ကြက်သွန်ဈေးတွေ တက်နေပေမယ့်လည်း ကျွန်တော်တို့ တွက်ခြေမကိုက်ပါဘူး။ တောင်သူတွေအတွက်ကတော့ အစစအရာရာ ခံဘက်ကချည်းပါပဲ” လို့ ပခုက္ကူမြို့နယ်မှ တောင်သူတဦးက ပြောပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သွင်းအားစုတွေ စျေးကြီးနေတာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် တခြား အခက်ခဲများစွာ ရှိနေတာတွေကြောင့် ကြက်သွန်စိုက်ပျိုးသူတွေလည်း တစ်နှစ်ထက်တစ်နှစ် နည်းပါးလာခဲ့တယ်လို့ သိရပါတယ်။

တောင်သူတွေအနေနဲ့ ကြက်သွန် စိုက်ပျိုးမှုနည်းတဲ့အပြင် မြေဩဇာကောင်းကောင်း မသုံးနိုင်ခဲ့တာကြောင့် ဒီနှစ်မှာ ကြက်သွန်အထွက်နှုန်းအပြင် အရည်သွေးလည်း ကျဆင်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ကြက်သွန်နီစိုက်ပျိုးရာ ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကြောင့် လက်ရှိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန် ဝင်ရောက်မှုဟာ တစ်နေ့ကို ကားအစီးရေ ၁၅ စီး၊ ကုန်တန်ချိန် ထောင်ဂဏန်းမျှသာ ရှိနေပြီး အခု နိုဝင်ဘာလ ကုန်ချိန်မှသာ ကြက်သွန် အများအပြား ဝင်ရောက်နိုင်ကာ ဈေးနှုန်းတွေလည်း တဖြည်းဖြည်း ကျဆင်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပါတယ်။

“နယ်တွေကနေ ကားအဝင်နည်းနေသေးတယ်။ ဒီလကုန်လောက်မှ အသစ်တွေက ပိုဝင်လာမှာ။ အဲ့ဒီကာလကျော်သွားရင်တော့ ဈေးက အကျဘက်ကိုရောက်သွားမယ်ထင်တယ်။ လက်ရှိဈေးကတော့ အဟောင်းက တပိဿာ ၃၄၀၀ ကနေ ၄၃၀၀ ၊ အသစ်ကတော့ ၂၈၀၀ ကနေ ၃၅၀၀ ရှိတယ်။ ကုန်တန်ချိန် ၁၀၀၀/၂၀၀၀ ပဲ ဝင်သေးတယ်။ နယ်တွေမှာတော့ ၉၀၀၀/၁၀၀၀၀ လောက် ဝင်သေးတယ်။ ရန်ကုန်လာတာ နည်းနေသေးတယ်။ ပြည်ပတင်ပို့နေတာကတော့ အခုက ဗီယက်နမ်ရော၊ ယိုးဒယားရော ဝယ်နေတယ်။ တရုတ်တော့မသွားဘူး။ တရုတ်ကကြက်သွန်တောင် ဒီပြန်ဝင်နေတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံထဲကို လက်ရှိမှာ တရုတ်ဘက်ကနေ ကြက်သွန်နီအကြီးအမျိုးအစားနဲ့ မြစ်သားကြက်သွန်နီအလုံးပုံစံ နှစ်မျိုး ဝင်ရောက်နေတာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ တပိဿာ ၃၂၀၀ ကျပ်ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြက်သွန်စျေးနူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW