ဆူးငှက်
“ဘုံပျံနေနန်း၊ ပင်ခန်းစံမွေ့
လျှံငွေ့နှင့်စီစီ …
ခွာပြာညိုလဲ့လန်း .. ငုံမြန်းဖူးတံချီ၊
ရီဝေဝေ … တိမ်ခြေမြလွှာ
မှုန်မှုန်ငွေနှင်း … လေသွင်းစရာသီမှာ …”
(မြဝတီမင်းကြီး ဦးစ)
ဟိုး …ရှေးရှေးတုန်းကတော့ စည်မျက်နှာကဲ့သို့ ညီညာသော မြေပြင်အထက် တာဝတိံသာနတ်နန်းတမျှ တင့်တယ်လှသော မန္တလေးရတနာပုံရွှေမြို့တော် ကြီးပတ်လည်မှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ရေပြင်တို့ ဝန်းရံသည်။ ထိုထိုသော ရေအရင်းအမြစ်များကို တောင်မှမြောက် တူးမြောင်းများဖြင့် ရွှေမြို့တော်ကြီးကိုဖြတ်သန်းပြီး ရေပေးဝေရေးပြုလုပ်ခဲ့သည်။ သုံးစွဲလုံလောက်မှုမျှပင်မဟုတ်။ ဥတုသပ္ပာယ်မျှတအောင်လည်း စီမံသည့် သဘောဖြစ်သည်။
ထို့ကြောင့် ရွှေမြို့တော်တွင်း အရှေ့ဖျားမှ အနောက်ဖျားသို့ တူးမြောင်း၊ မြစ်ငယ်များ လုပ်အားဖြင့် စီမံရာတွင် လူနေထူထပ်၍ အရောင်းအဝယ်အချက်အချာ ဈေးချိုတော်ကြီးအနောက်ဘက်မှဖြတ်စီးသည့် ရွှေတချောင်းသည် ရွှေလောင်းရွှေလှေများ ဥဒဟိုဖြတ်သန်းသွားလာကာ အနောက်ဘက် သင်္ဂဇာရေပြင်အထိ တရစပ် ရှိနေခဲ့ကြသတဲ့။
ထိုစဉ်က အခုလောက် လူဦးရေမများ၊ အခုလောက် အိမ်ခြေမများ၊ လူခြေမထူထပ်၊ အခုလောက်ယာဉ်ရထား အသွားအလာမရှိ၊ အခုလောက်လည်း လူတိုင်းကိုယ်စီ တာဝန်မမဲ့ကြလေသောအခါ ရှေးရှေးကတူးဖော်ခဲ့ကြသာ ရတနာနဒီမြစ်၊ ငွေတချောင်း၊ ရွှေတချောင်းတို့သာမက ပါတော်မူပြီးနောက်ပိုင်း တူးဖော်ခဲ့သော ရေနီမြောင်း၊ ကိုလံဘိုမြောင်း စသည်တို့မှာလည်း ရေကောင်းရေရှင် သွင်သွင်စီးစေခဲ့သည်။ ခုနစ်ရက် ခုနှစ်လီ စိမ့်စိမ့်စွေသော မိုးရေအမြောက်အမြားကိုလည်း ပိန်းကြာရွက်ပေါ် ရမတင်စေသကဲ့သို့ လျာကျသွားစေခဲ့၏။ တိုးတက်သော မြို့ပြလူနေမှုစနစ်သည် စတည်ဆောက်စဉ်ကတည်းက အမြော်အမြင်ကြီးခဲ့သည့် ရေကောင်းရေရှင်စနစ်ကိုသာမက အပူပိုင်းဒေသ၏ ထီးအရိပ်သဖွယ် အခိုင်အခန့်တည်စေခဲ့သည့် ထနောင်း၊ကုက္ကို၊ မန်ကျည်း၊ တမာ၊ လက်ပံစသော နှစ်ရှည်ပင်ကြီးများကိုလည်း အများအပြား ဆုတ်ယုတ်စေခဲ့သည်။
အစားထိုးလာသည့် အော်ရေးရှား၊ ဘော်စကိုင်းနှင့် တည်ပင်တို့သည် အရပ်မမြင့်၊ အရိပ်ဝန်းမကျယ်၊နေရောင်ခြည်ခုခံနိုင်မှု ထုထည်ပါးလျားကို ပျက်သုဉ်း သွားသော အပင်ကြီးများ၏ အာနိသင်နှင့် ခံ့ထည်မှုကို ခြေဖျားမျှပင် လိုက်မမီနိုင်ခဲ့။
ထိုနံရောအခါ ….
နွေအခါလည်းအလျောက် ..
“ရွက်ဝါကြွေ ..မူးမူး၊ ရာသီ၊ ခါညီ လသာခေါင်၊
မြေလွှာမှောင်၊ တောင်ခိုးမြူး”ချိန်မှာလည်း ကျော့ကော့အောင် ပူပြန်သည်။
မိုးလည်း မိုးအလျောက် …”ပြာရိပ်မှိန်၊ ဖန်ရှိန်ညိုလဲ့မှိုင်းလို့လေ။ ရွာအုံစေ ..၊ တိမ်ခြေမြနှယ်ဆိုင်းလို့လေး …”ဟူသော မိုးကာလမှာပင် မိုးရေတစ်စွက် မျှပင် လမ်းပေါ်ရေလျှံကာ ရက်ရှည်မဆင်း တင်းခံနေတော့သည်။
ဆောင်းလည်း ဆောင်းအလျောက် ..”မြမြမောင်းမောင်း၊ ပြာအညိုရွှေ၊ တိမ်ခြေငွေနှင်းပေါင်း …”သည့် ဟေမာန်ဆောင်းကလည်း ကြာကြာမနေနိုင်။ ရုတ်ခြည်းထွက်ပြေးတော့၏။
အခုလည်း ဥတုရာသီက မျက်နှာများလှချည့် …။ ပူမယ်လေ ဆယ်နေကဲ ဟန်ပြပြီး ရုတ်ချည်းအေးမြလာသည်။ တကယ်တော့ ငယ်စဉ်ကလို မနက်ရော ညရော မီးဖိုကြီးတွေဖို၊ မီးဖိုဘေးဝိုင်းဖွဲ့ပြီး ထန်းပင်မြစ်ဖုတ်စား၊ ပဲမြစ်ပြုတ်စားပြီး လက်ကင် လိုက်၊ကျောကင်လိုက်နှင့် တဟီးဟီးငြီးငြူခိုက်ခိုက်တုန်ရသည့်ဆောင်းမျိုးတော့ မဟုတ်သေး …။ ထိုစဉ်က အအေးနှင့် ယခုအအေးကို ပြဒါးတိုင်၏ စင်တီဂရိတ်အမှတ်အသားများနှင့်တူခြင်း၊ မတူခြင်း၊ လျော့ခြင်း၊ ပိုခြင်းကို တိုင်းတာနိုင်တာ ဘာခဲယဉ်းတာမှတ်လို့ဟု ပြောနိုင်သည်။
သို့သော် ထိုညီမျှသော စင်တီဂရိတ်မှာပင် ဟိုတုန်းက မန္တလေးမှာ အခုလောက်အဆောက်အဦးတွေက မများ၊ အခုလောက် မမြင့်၊ အခုလောက် မထူထပ်၊ အခုလောက် မကျယ်ပြန့် …၊ ထို့အတူ မြို့တွင်းမြို့ပြင် မြို့ဝန်းကျင်ရှိ သစ်ပင်သစ်တောတွေကလည်း အခုလောက် မပါး ….။ ထိုအခါ တူညီသော စင်တီဂရိတ်အမှတ်အသားမှာပင် ပိုမိုကျဲပါးလွတ်လပ်ကျယ်ဝန်းသော ယခင်မန္တလေးအနေအထားက ပိုမိုအေးမြမှာ သေချာနေသည်။
ထိုစဉ်က သီတင်းကျွတ်လပြည့်ကျော် …၊တန်ဆောင်မုန်း လဆန်းပြီဆိုသည်နှင့် ညဈေးတန်းမှာ တရုတ်တန်းဈေးမှာ ဖလန်ထည်အစတွေ ဝယ်ကြသည်။ အတွင်းအင်္ကျီကိုက ဖလန်ထည်လို ခပ်ထူထူအစများနှင့် ဆောင်းဝတ်ထည်ချုပ်ကြရ၏။ အပေါ်က
အနွေးထည်ဂျာကင်များက တက်ထရက်အစ ထူထူများဖြင့် အော်ဒါပေးချုပ်ကြရ၏။ အသင့်ချုပ်ပြီး အနွေးထည်အဖြစ် ဈေးချိုအလယ်ပေါက်က မြဂုဏ်ရောင်အထည်ဆိုင်မှာ ဈေးနှုန်းမှန်ကန် လွယ်လင့်တကူ ဝယ်ယူနိုင်၏။ သို့မဟုတ်က သူနှင့်မျက်နှာချင်းဆိုင် ‘မြန်မာပိုင် စန်းရောင်ရှင်’အထည်ဆိုင်က ဝယ်နိုင်သည်။ ‘စန်းရောင်ရှင်’မှာ အနွေးထည်က ပိုစုံသည်။ ပုဆိုးကို ဆောင်းဝတ်အဖြစ် ဘုတလင်ထည်များဝတ်ကြရ၏။ ဘုတလင်ထည်က အသားထူသည်။ အဆင်လှသည်။ ရေလျှော်ခံသည်။ နောက်တော့ ထိုဘုတလင်ထည်များကိုပဲ အဆင်ကျဲကျဲ အရောင်တောက်တောက်တွေ ရွေးကာ ဂျာကင်ချုပ်ဝတ်ကြသည်။ တတ်နိုင်သူတွေက တရုတ်တန်းဈေး ဒါမှမဟုတ် ဈေးချို အိုင်ရုံ၊ အက်ဖ်ရုံတွေထဲက သက္ကလတ်သားတက်ထရက်စ၊ ရှန်မွိင်းသားကတ္တီပါစများဝယ်ယူပြီး အတွင်းဖဲသား လိုင်တင်နှင့် ဂျာကင် (သို့မဟုတ်) ကုတ်အင်္ကျီချုပ်ဝတ်ကြသည်။
ကုတ်အင်္ကျီကို ၂၆ ဘီလမ်း(အာဇာနည်လမ်း)နှင့် ၈၂ လမ်းထောင့် ဘဏ်တိုက်နှင့်မျက်နှာချင်းဆိုင်က စက်ချုပ်ဆိုင်မှာ အပ်နိုင်၏။ သို့မဟုတ် ၈၄လမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း)နှင့် ၂၉ လမ်းထောင့်က အဆွေတော်မှာ အပ်နိုင်သည်။ နောက်မှ ၂၉လမ်းပေါ် ၈၃ လမ်းနှင့် ၈၄ လမ်းကြားမှာ အိုလံပစ်စက်ချုပ်ဆိုင် ဆိုတာပေါ်လာခြင်းဖြစ်သည်။
မန္တလေးမှာ ကုတ်အင်္ကျီချုပ်တတ်သူက များများစားစား မရှိလှ …။ သည်တုန်းက ဆောင်းဝတ်အနွေးထည်ကိစ္စက တခမ်းတနားကြီး …။ လချီ၍ ကြိုတင်အပ်နှံစီစဉ်ကြ၏။ တစ်ခါချုပ်ပြီးလျှင်လည်း နှစ်ဆယ်ချီ ဝတ်ပေရော့ ….။ ပေါ့ပေါ့ပါးပါး ခေတ်ဆန်ဆန်ဝတ်ချင်သူတွေကတော့ သိုးမွှေးချည်ဖြင့် ခေါင်းစွပ်အနွေးထည်ကို လက်ထိုးအပ်နှံကြသည်။ နောက်တော့ စက်ထိုးဆွယ်တာတွေ ခေတ်စားလာသည်။ အရောင်၊ အဆင်အသွေးတောက်ပလှပ၍ လူငယ်တွေသဘောကျကြသည်။ သိုးမွှေးဆွယ်တာက လည်း သေချာ ကြိုတင်အပ်နှံထားပါမှ …။
နောက်တော့ အမျိုးသမီးဝတ်များအတွက် ယိုးဒယားက ယုန်မွှေးဆွယ်တာ အသင့်ဝတ်တွေ ရောက်လာသည်။ အသားကောင်း ဒီဇိုင်းကောင်းမို့ အမျိုးသမီးတိုင်း လက်လွှတ်မခံ …။ အနွေးထည် ဆောင်းဝတ်စရိုက်ကို တစ်ဆစ်ချိုးပြောင်းသွားစေတာက ရခိုင်လေဘေးထည်များ ဈေးကွက်တွင်း ရောက်လာခြင်းပဲဖြစ်သည်။ နိုင်ငံခြားဖြစ်ပစ္စည်းများ ရှားပါးငတ်မွတ်နေချိန်၌ အတော်အသင့်လတ်သော သစ်လွင်သော ဥရောပဖြစ်၊ အမေရိကန်ဖြစ်အနွေးထည် ပုံသစ်ပုံဆန်းများ ဈေးနှုန်း သက်သာစွာ အားပါးတရရွေးချယ်ဝယ်ယူနိုင်တော့ အိမ်တော်ရာဘုရားဝင်းကြီးအတွင်း၌ပင် ထိုလေဘေးထည်များ ဆိုင်ခန်းပေါင်းရာချီထောင်ချီဖွင့်လှစ်၍ ကျိတ်ကျိတ်တိုး ဝယ်ယူရောင်းချ ကြရသည်အထိ …။
အခုတော့ ညောင်ပင်ဈေးပေါ့။ ဒီနှစ်လည်း လေဘေးထည်တွေက ညောင်ပင်ဈေးသာမက အရပ်ထဲတိခင်းကျင်းရောင်းချနေကြပေါ့။
သြော်….. ဆောင်းဝတ် ဆောင်းထည် မန္တလေး…။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး