မန္တလေးမြို့က ပျောက်ဆုံးနေတဲ့ ၅နှစ်သားကလေး ၅ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

ဒီဇင်ဘာ ၁၅-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၁လမ်း လမ်း၃၀နဲ့၃၁လမ်းကြားက နေအိမ်မှာ မောင်ဇွဲဝေယံထွန်း အသက် ၅နှစ် ကလေးဖြစ်သူဟာ ဆော့ကစားနေချိန် ပျောက်ဆုံးသွားတဲ့ဖြစ်စဥ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ရက်က ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေတဲ့ ကလေးကို ပြန်လည်ရှာတွေ့ခြင်း မရှိသေးတာကြောင့် မိသားစုအသိုင်းအဝိုင်းက စိတ်ပူပန်သောက ရောက်နေကြရတယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ အဖွားဖြစ်သူကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ၂နာရီထိုးတော့ သူ့အဖိုးက ရေချိုးပေးဖို့ အောက်ထပ်ကို ခေါ်တယ်၊ ကျမတို့က မုန့်လုပ်တာပါ အဲ့ဒီတော့ အဖိုးဖြစ်သူက သား ခဏလေးစောင့်အုံး ဖိုးဖိုး ဂျုံလေးချလိုက်အုံးမယ်ဆိုပြီး သူ့မြေးကိုပြောတယ်၊ အဲ့ဒီအချိန် ကလေးက အိမ်ရှေ့ပေါ့ အိမ်ရှေ့ဆိုတာကလည်း အိမ်ထဲနဲ့ သုံးပေအကွာလောက်မှာ သေနတ်လေးနဲ့ ဆော့နေတာ သေနတ်လေးကလည်း အသံမြည်နေတယ် ဆော့နေတာ၊ ကျမက မုန့်ဘူးလေးတွေ ချိုးနေတယ်၊ ကျမက မုန့်ဘူးလေးတွေချိုးနေချိန် မြေးလေးကို သားရေ ဇွဲဇွဲရေလို့ ခေါ်တဲ့အကျင့်ရှိတယ် အသံပေးတယ်၊ ပထမတကြိမ်ခေါ်တော့ ဗျာလို့ ထူးတယ်၊ သားရေ အောက်မဆင်းနဲ့နော်ဆိုပြီးပြောတော့ ဟုတ် လို့ ပြန်ပြောတယ်၊ ပြီးတော့ သေနတ်သံလေးက တိတ်သွားတယ်၊ သားရေ ဇွဲရေလို့ ထပ်ခေါ်တော့ မထူးတော့ဘူး။ မထူးတာနဲ့ ကျမရဲ့သားအငယ်ကို ငါ့သား နင့်တူ ခေါ်နေတာ မထူးဘူး အိမ်ရှေ့ထွက်ကြည့်စမ်း ဆိုတော့ ထွက်ကြည့်ပြီး ခေါ်တော့ ကလေးကို ခေါ်လို့မရတော့ဘူး၊ ဘေးပတ်ဝန်းကျင်ကို ရှာကြည့်တော့လည်း ဘယ်မှရှာလို့မတွေ့တော့ဘူး ဖြစ်သွားတယ်။ အိမ်ရှေ့နားက ဆိုင်တဆိုင်က စီစီတီဗီရှိတော့ အဲ့ဒီကို တောင်းကြည့်တယ်၊ တောင်းကြည့်တော့ ကျမတို့ ဆိုင်ရဲ့ တောင်ဘက်ကို ကလေးလေးက ပြေးဆင်းသွားလိုက်တာ တွေ့လိုက်တယ်၊ အဲ့ဒီနားမှာတင် စီစီတီဗီက ဆက်ပြီးမတွေ့ရတော့ဘူး ကျမတို့အိမ်ကလည်း အနောက်ဘက်လှည့်ဆိုတော့ နေ့ခင်း ၂နာရီထိုးချိန်ဆိုတော့ နေက ထိုးတော့ ဝါးသွားပြီး ဘာမှမမြင်ရတော့ဘူး၊ ဒါနဲ့ လမ်းထောင့် အထည်ဆိုင်က စီစီတီဗီကနေ ကျမတို့ဆိုင်ဘက်ကို ဆွဲကြည့်ခဲ့တယ်၊ ဆွဲကြည့်တော့လည်း ကလေးက လမ်းမဘက်ကို ဆင်းမလာဘူး၊ ဆင်းမလာဘဲနဲ့ ကလေးက ဒီနားလေးမှာတင် ပျောက်သွားတာ၊ ကျမတို့လည်း ချက်ချင်း လူဖြန့်ပြီး ရှာတယ်”လို့ ပြောပါတယ်။

ပျောက်သွားတဲ့နေ့မှာပဲ အပိုင်နယ်မြေဖြစ်တဲ့ အမှတ်(၃)ရဲစခန်းမှာ ကလေးပျောက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး ကလေးကို ပြန်တွေ့ရင် ဆက်သွယ်ဖို့အတွက် ကားဂိတ်၊ မြို့ဝင်မြို့ထွက်တွေမှာလည်း ကလေးရဲ့ဓာတ်ပုံနဲ့အတူ ပျောက်ဆုံးကြောင်း လက်ကမ်းစာရွက်တွေကို လိုက်ကပ်ထားတယ်လို့လည်း သိရပါတယ်။

” ကျမတို့ မြေးလေးကို ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးပါ၊ ကျမတို့အနေနဲ့ ကျေးဇူးသိတတ်ပါ့မယ်၊ ကျမတို့ တမိသားစုလုံးက ပူဆွေးသောက ရောက်နေကြပါတယ်၊ အဲ့ဒီတော့ ကျမတို့ကို အမြန်ဆုံးပြန်ပို့ပေးပါလို့ မေတ္တာရပ်ခံပါတယ်၊ နောက်ဆုံး ဆိုလိုချင်တာက အိမ်တိုင်ရာရောက် မပို့နိုင်ရင်တောင်မှ တခြားနေရာမှာ ချထားပြီးတော့ ဖုန်းဆက်ပေးပြီး လာခေါ်ပါဆို လာခေါ်ပါ့မယ်”လို့ အဖွားဖြစ်သူက ပြောပါတယ်။

ကလေးပျောက်ဆုံးတာနဲ့ပတ်သက်ပြီး မန္တလေးနဲ့ ရန်ကုန်က စီးပွါးရေးလုပ်ငန်းရှင်တချို့ကလည်း ကလေးကိုပြန်ရှာတွေ့တာပဲဖြစ်ဖြစ်၊ ဆက်သွယ်ပို့ဆောင်ပေးသူပဲဖြစ်ဖြစ် ကျပ်ငွေ ဆယ်သိန်းနဲ့ မိဘကိုယ်စားကန်တော့ပါမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အသက် ၅နှစ်ကနေ ၁၅နှစ်အရွယ် ကလေးတွေ ပျောက်ဆုံးတာရှိခဲ့ပြီး ပြန်တွေ့တဲ့သူရှိသလို ပြန်မတွေ့သေးတဲ့သူတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW