ပခုက္ကူ – ရေစကြိုကားလမ်းမှာ လူ ၂ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြိုနယ် ၊ ကျောက်လှေခါး ကျေးရွာအနီး ပခုက္ကူ – ရေစကြိုကားလမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းက ကြက်သွန်ပွဲစားဖြစ်သူ သားအဖ ၂ ယောက်ကို ပစ်သတ်ပြီး ကြက်သွန်ကား လုယူခံရတယ်လို့ ပခုက္ကူ ကြက်သွန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ ကြက်သွန်ပွဲစား ၂ ယောက်က ရေစကြိုမြို့နယ် ၊ ဂွက်ကြီးကျေးရွာမှာနေတဲ့ ဦးဇော်လွင်နဲ့ သူ့သား ကိုမင်းခန့်ဇော် တို့ဖြစ်တယ် ၊ ဒီမနက် အစောပိုင်းက ဂွက်ကြီးရွာကနေ ပခုက္ကူမြို့ဆီ ကြက်သွန်နီအိတ်တွေ ပို့ဖို့ ကားနဲ့အလာ လမ်းမှာ သားအဖ ၂ ယောက်စလုံး ပစ်သတ်ခံရပြီး ကြက်သွန်ကားကို လုယူသွားတာဖြစ်တယ် ၊ ဘယ်အဖွဲ့အစည်းက အခုလို လုပ်သွားတယ်ဆိုတာ မသိရသေးဘူး ” လို့ ပခုက္ကူမြို့ခံ ကြက်သွန်ကုန်သည် တယောက်က ပြောပါတယ်။

အဲ့ဒီ သားအဖ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က
” ကြက်သွန်တောင်သူ သားအဖ ၂ ယောက် ပစ်သတ်ခံရပြီး ၊ ကြက်သွန်ကား လုယူခံရတာဖြစ်တယ် ၊ လုယူခံရတဲ့ ကြက်သွန်ကား အမျိုးအစားနဲ့ ကုန်စည် အလေးချိန်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်”လို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၁၅ ရက်ကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပေကုန်းရွာနားမှာ မြို့နယ် ထွေ/ အုပ်ရုံးက ရုံးစာရေးဝန်ထမ်း ဦးဖြိုးကျော် ဆိုသူ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရပါသေးတယ်။

ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူး ၊ ပေါက် ၊ ပခုက္ကူ ၊ မြိုင် ၊ ရေစကြို စတဲ့ မြို့နယ်တွေထဲမှာ အခုလို ကားတွေလုယူခဲ့တဲ့ ဖြစ်စဥ်ပေါင်း လပေါင်း ၂၀ ကျော်ကာလအတွင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW