ဆူးငှက်
နှောင်း မိုးဦးရာသီ ရွက်သစ်တွေ အရွယ်ရောက်သော်လည်း လက်ကျန်ရွက်အိုတို့ ကြွေကျနေဆဲလေ။ တစ်ခါတစ်ရံ လေရူးတစ်ချက်ကလေး ဝှေ့တတ်သေး၏။ လမ်းမပေါ်မှာ ကုက္ကိုရွက်ဝါတွေက ရှပ်တိုက်ပြေးနေပါပကော…။ လမ်းဘေး ကျုံးရေကန်လေးမှာ ရေတွေ လျှံကျနေသည်။ ကျုံးရေကန်ဘေးမှာ ကုက္ကိုပင်ကြီးတွေ စီးမိုးထားသည်။ သူတို့က ရွက်ဝါတွေကို ခါချနေသည်။
အမှတ်၁၀ ဘတ်စ်ကားတစ်စီးက ညောင်ပင်ဈေး မှတ်တိုင်တွင် ခပ်နှေးနှေး ထိုးဆိုက်၏။ တောင်း တစ်လုံးနှင့် မိန်းမကြီးတစ်ဦး ဆင်းသည်။ ဝပ်ရှော့အလုပ်သမားနှင့် တူသော လူငယ်နှစ်ယောက်က ကားပစ္စည်းအစိတ်အပိုင်းတစ်ခုကို ဘတ်စ်ကားနောက်ပေါက်က မနိုင့်တနိုင် မ,တင်ပြီး နောက်ခုံပေါ် လွှားခနဲ ခုန်တက်၏။ စပယ်ယာ က ““ဆွဲဆရာ၊ စီလမ်းတောက်လျှောက်”” ဟု အော်သည်။ ဒရိုင်ဘာဂီယာ တဂီးဂီး ထိုးပြီး ကားကြီး တအိအိ ထွက်သည်။ ညောင်ပင်ဈေးနှင့် မျက်စောင်းထိုး အလယ်တန်းကျောင်းထဲက စာအံသံများ ကြားနေရ၏။
တကယ်တော့ ၈၃လမ်းကို ကျွန်တော်မှတ်မိနေတာက ညောင်ပင်ဈေးကပင် စတင်ပါသည်။ ၁၉လမ်းနှင့် ဆုံရာကပဲ ဆိုပါစို့။ သို့သော် ၈၃လမ်းက ၁၈ လမ်း အထိပေါက်နေတာ ထိုစဉ်က သတိမထားမိ။ ညောင်ပင်ဈေးက မန္တလေး၏ မူလလက်ဟောင်း ဈေးပေါင်း၃၀အနက်မှ ဈေးတစ်ဈေးဖြစ်သည်။ အမရပူရ ထီးပေါင်းကား အရပ်တွင်လည်း ညောင်ပင်ဈေးဟု ရှိခဲ့ဖူးကြောင်း မှတ်သားရဖူးပါသည်။ ကျွန်တော် မှတ်မိသည့် အချိန်၌ပင် မီးအကြိမ်ကြိမ် ခခဲ့သည်။ ယခုဈေးရုံသစ်ကြီးက ၁၉၈၄ ခုနှစ် မီးကြီးပြီးနောက် ဆောက်လုပ်ထားသည့် ရုံသစ်ကြီးဖြစ်သည်။ ယခင်ကတော့ ညောင်ပင်ဈေးသည် သိပ်မထင်ရှား။ အခုတော့ လေဘေးထည် ခေါ် အဟောင်းထည်ဈေးကွက်ကြီး တစ်ခုဖြစ်ချေ၏။ လေဘေးထည်များ ခေတ်စားစအချိန်က အိမ်တော်ရာဝင်း အတွင်း ယာယီဈေးတန်းများမှာဖြစ်ပါသည်။ ထို့နောက် သာသနာ့မြေသန့်ရှင်းရေးအတွက် ဈေးတန်းကို ညောင်ပင်ဈေးသို့ ရွှေ့ပြောင်းလိုက်လေသည်။ အခုတာ့ သုံးလေးထောင် အနည်းဆုံးပေးနိုင်မှ အနွေးထည် တစ်ထည် ဝတ်နိုင်သော အချိန်။ လေးငါးရာပေးနိုင်မှ ရှပ်အင်္ကျီဝတ်နိုင်သောအချိန်ပင် တန်ဖိုးနည်းနည်းနှင့် လူထဲတိုးသော လေဘေးထည် ခေါ် အဟောင်းထည်ဈေးကွက်ကြီး ခိုင်မာကျယ်ပြန့်လေတော့၊ ညောင်ပင်ဈေးသို့ အများစု ပြေးကြတော့သည်။
ညောင်ပင်ဈေးနှင့် မျက်နှာချင်းဆိုင် အလယ်တန်းကျောင်းကလည်း နယ်နယ်ရရကျောင်းမဟုတ်။ ၁၉၂၀ပြည့်နှစ် နိုင်ငံလုံးဆိုင်ရာကျောင်းသားသပိတ်ကြီးပေါ်လာပြီးနောက် အမျိုးသားပညာရေးကို မြန်မာတိုင်းရင်းသားများ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဦးစီးဦးဆောင်ပြုလုပ်သင်ကြားရေးအတွက် မန္တလေးတွင် အမျိုးသားနေရှင်နယ်ကျောင်းများ ဖွင့်လှစ်ကြသည်။ ထိုအထဲတွင် ညောင်ပင်ဈေးကျောင်းက တစ်ကျောင်းအပါအဝင်ဖြစ်သည်။ ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး မန္တလေးတွင် ဖွင့်လှစ်ခဲ့သော အမျိုးသားကျောင်းများမှာ
(၁) လမ်း၈ဝနှင့် ၈၁လမ်းကြား၊ လမ်း၃ဝနှင့်၃၁လမ်းကြား၊ အထက်ဆင့်ဝင်းအတွင်း ဗဟိုပိဋကတ်တိုက် အဆောက်အဦးကြီးတွင် ဖွင့်လှစ်သော ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈ဝ တရုတ်တန်း၊ လမ်း၃ဝနှင့် ၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်တွင် ဆရာမကြီးဒေါ်စောအုံ ကျောင်းအုပ်အဖြစ် ဆောင်ရွက်သော နေရှင်နယ် အမျိုးသမီးကျောင်း၊ (၃) ဆိုင်းတန်းသင်္ဘောတန်းရပ်ရှိ နေရှင်နယ်အလယ်တန်းကျောင်းနှင့် (၄) ညောင်ပင်ဈေးအနီး ညောင်ပင်ဈေးနေရှင်နယ်ကျောင်းဟူ၍ ၄ကျောင်း ဖွင့်လှစ်ခဲ့သည်။
မန္တလေးက အမျိုးသားကျောင်းများသည် ဆရာကြီးဦးရာဇတ်၏ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး ၂ခြမ်း အကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ ခံရေး၊ မခံရေး သဘောထားကွဲမှုတွင် ဗဟို အမျိုးသား အထက်တန်းကျာင်းကြီး ဆက်လက် တည်တံ့ခဲ့သည်။ သည်ကနေ့အထိ အမှတ်၂ အ.ထ.ကအဖြစ်နှင့် အထိပေါ့။ မန္တလေးမြို့မိမြို့ဖ များကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေးထာက်ခံခဲ့ကြရုံမက၊ ကိုယ့်သားသမီးများ ကိုလည်း ဆရာကြီး ဦးရာဇတ်ထံ အပ်နှံကာ ဗဟိုအမျိုးသားကျောင်းမှာပဲ ကျောင်းထားခဲ့ကြသည်။
ထို့ကြောင့်မန္တလေး၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး စသည့် မျက်နှာစာတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးအများစုသည် အမျိုးသားကျောင်းထွက်များ ဖြစ်ခဲ့သည်။ ဆရာကြီးဦးရာဇတ်၏ အမျိုးသားကျောင်းများ ဆောင်ပုဒ်မှာ “အဋ္ဌာနိအဋ္ဌောနာထော ၊ မိမိကိုယ်သာ ကိုးကွယ်ရာ” ဟူ၍ ဖြစ်သည်။
ထို့အတူ ညောင်ပင်ဈေးအနီးတွင် သမိုင်းဝင်ဘုရားတစ်ဆူလည်း ရှိသည်။ “ရွှေလေး”ဘုရားဟု ခေါ်တွင်ပါသည်။ မြန်မာမင်းများလက်ထက်ကတည်းက ချိန်တွယ်ရာတွင် ဟင်္သာရုပ်ကြေးဝါအလေးများကို အသုံးပြုခဲ့ကြသည်။ ၁၂၄၇ ခုနှစ် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်လက်အောက် ကျရောက်သောအခါ သူတို့ အချိန်အတွယ်နှင့် ကိုက်ညီစေရန် မြန်မာသုံး ဟင်္သာရုပ်ကလေးများကို မြူနီစပယ်ထံ ပြန်လည်အပ်နှံရန် အမိန့်ထုတ်လေသည်။ အကယ်၍ မအပ်နှံဘဲ ဟင်္သာလေးများနှင့် ဆက်လက်သုံးစွဲ ရောင်းဝယ်နေကြသူများကို အပြစ်ပေး ဒဏ်ရိုက်သည်။ သံခွက်အလေးများနှင့်သာ ချိန်တွယ် အသုံးပြုရမည်ဖြစ်၏။
ထိုအခါ ညောင်ပင်ဈေးရှိ ဈေးသည်များက ဟင်္သာအလေးများကို မြူနီစီပါယ် သို့ မအပ်နှံဘဲ ဆန့်ကျင်ကြ၏။ သူတို့ ဟင်္သာအလေးများကို စုဆောင်းလိုက်ကြ၏။ ထို့နောက် အရည်ကျိုလိုက်သည်။ ကြေးအချိန် ၂၄ပိဿာရှိသော ဗုဒ္ဓဆင်း တုတော်တစ်ဆူ သွန်းလုပ်ပြီး စျေးတွင် ဓမ္မာရုံဆောက်ကာ ကိုးကွယ်လိုက်ကြသည်။ ရုပ်ပွားတော် သွန်းလုပ်သောနေ့မှာ ၁၂၅၅ ခု ကဆုန်လပြည့်ကျော် ၅ ရက်၊ ကြာသပတေးနေ့ (၄-၅-၁၈၉၃)ဖြစ်သောကြောင့် ယခုအခါ နှစ်၁၀၀ ကျော်ပြီဖြစ်သည်။ညောင်ပင်ဈေးသူဈေးသားများ၏ မျိုးချစ်ဇာတိမာန်စိတ် ပြယုဂ်မှတ်တမ်းတစ်ခုဖြစ်သည်။ လေးစား ဂုဏ်ယူထိုက်ပေသည်။
၈၃လမ်း၏ လမ်း၂၀နှင့် ၂၁လမ်းကြားရှိ မျိုးမြင့်ရုပ်ရှင်ရုံ ရှိပါသည်။ ဝင်းကျယ်ကြီးအတွင်းက ရုပ်ရှင်ရုံကြီးဖြစ်သည်။ သူကလည်း မီးသင့်ဖူးသည်။ ယခင်ကတော့ မြို့ပတ်ရုံများဖြစ်သည်။ ဇာတ်ကားသစ်များကို မြို့လယ်ရုံကြီးများဖြစ်သော ဝင်းလိုက်၊တော်ဝင်၊ ရွှေနဂါး၊ မြို့ဂုဏ်ရောင်ရုံများ၌ တင်ပြီးမှ
နောက်တစ်ပတ် နှစ်ပတ်နေလျှင် မြို့ပတ်ရုံများဖြစ်သော မျိုးမြင့်၊ ရတနာပုံရုံများသို့ တင်သည်။ မြောက်ပြင်လူထုက မျိုးမြင့်ရုံကို အားကိုးရသည်။ ကျွန်တော်တို့ အမှတ်၁ အထက်တန်းကျောင်းမှာ နေစဉ်တုန်းကတော့ ကျောင်းပြေး၍ ကြည့်ရသော ရုံတစ်ရုံပေါ့။ ပယင်းရောင်၊ ယင်းမာပင်လမ်းခွဲ၊ ရွှေဂေါင်းပြောင် စသော ကားများကို ကြည့်ခဲ့ရသည်။ ထို့အပြင် လူအရောက် အပေါက်နည်းသော ရုံမို့ သမီးရည်းစား စုံတွဲတွေ မျက်စိကျသောရုံဖြစ်သည်။ ယခုတော့ ထိုရုပ်ရှင်ရုံဝင်းကြီးထဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ကိုယ်ပွားသတင်းစာတိုက်နှင့် MRTV မန္တလေးရုံး ရှိသည်။ မျက်စောင်းထိုး ၈၃လမ်းပေါ်တွင် ရွှေမန်းသမ္မတ ထီဆိုင်ရှိပါသည်။ ၁၉လမ်းမှာက ရွှေမန်းသမတ ပင်ရင်းဆိုင်ဖြစ်၏။ မန္တလေး၏ မူလလက်ဟောင်း နာမည်ကြီး ထီဆိုင်ကြီးဖြစ်ပါသည်။
““မိုးပေါ်များ မာဃ၊ လူ့ပြည်မှာ သမတ”” ဟု ကြော်ငြာ၏။ မောင်းတံဆိပ်ဖြစ်သည်။ ပိုင်ရှင်က ဦးကံ ဟု မှတ်မိနေသည်။ ရွှေမန်းသမတ မောင်ကံ ဟု မန္တလေးမှာ ထင်ရှားသည်။ ထူးခြားတာက မောင်းမှာ အသားလက်ကိုင် အကောက်လေးပါအောင် ဒီဇိုင်းအချိုးညီ ဆွဲထား၏။
မန္တလေးမှာ အနေကြာသော ကျွန်တော့် ဦးလေးတစ်ယောက်ကား အခြေအနေ အရ မန္တလေးနှင့်ဝေးကွာသော ဇာတိရွာတွင် ပြန်နေရသော်ငြားလည်း အစွဲအလန်းကြီးစွာဖြင့် လူကြုံရှိတိုင်း မန္တလေး သမတ ထီရုံမှ ထီထိုးခိုင်းတတ်သည်။ သမတမှာ ထိုးမှပဲ ထီထိုးရကျိုးနပ်သည်ဟု စွဲမှတ်နေ၏။ သူ့နာမည်က ကိုစံအောင် တဲ့။ သူက စကားပြောလျှင် နဘေလေးနှင့် ပြောတတ်သည်။ မန္တလေးသို့ စားရိတ်စက မတတ်နိုင်၍ မလာနိုင်သည်ကိုပင် “ဆယ်တန်တစ်ရွက်နဲ့ မယ်ဉာဏ်သားမက် အလည်ပြန်ခက်သဗျ”ဟု ပြောသည်။ တစ်ခါမှာတော့ ဦးလေးကိုစံအောင်က အိပ်မက်ကောင်းလို့ဟု ဆိုကာ မန္တလေးက ညီအစ်ကို ဝမ်းကွဲ ကိုထွန်းကြွယ် ကို လူကြုံနှင့် သမတ တွင် ထီတစ်စောင် ထိုးခိုင်းလိုက်သည်။ သူ့အိပ်မက်အရ အတိတ်ကို “တွန်လိုက်တဲ့ အိုးဝေ၊ ရွှန်းရွှန်းဝေလို့””ရေးခိုင်းလိုက်၏။ ဦးလေး ကိုစံအောင်ကို စ,လို နောက်လိုသူ ကိုထွန်းကြွယ်က အတိတ်ကို “ထိုးလိုက် တဲ့ တစ်တီတူး၊ စိတ်နောက်အောင်ရူး” ဟု ရေးပေးလိုက်သဖြင့် အကြီးအကျယ် စိတ်ဆိုးသတဲ့။
အခု ““မိုးပေါ်များ မာဃ၊ လူ့ပြည်မှာ သမတ”” ဟူသော ရွှေမန်း သမတ ထီရုံလည်း မရှိတော့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး