သရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၃ – ၂၀၂၂
SN (VOM)

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်ကနေ ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ကာယအိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

“ဒါဟာ မျှတတဲ့ အရေးယူမှု မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်တယ်။ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃ (က) အရ မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ် ဆိုတဲ့နေရာမှာ ဘယ်လိုအကြောင်းအရာ၊ လုပ်ငန်းမျိုး တွေက ထိခိုက်စေသလဲဆိုတဲ့ တိကျတဲ့ရှင်းလင်းမှုလည်း မရှိခဲ့ဘူးလေ” လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ဝေဖန်ပါတယ်။

သူမနဲ့အတူ တရက်တည်းမှာပဲ မော်ဒယ်လ်နန်းမွေစံလည်း စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စစ်အုပ်ချုပ်ရေးတရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေနဲ့ အနုပညာရှင်တွေ အရေးယူ အပြစ်ပေးခံရတာဟာ အခုအကြိမ်က ပထမဆုံးဖြစ်ပါတယ်

#voiceofmyanmar #VOM #နန်းမွေစံ #သင်ဇာဝင့်ကျော်

Related posts

Leave a Comment

VOM News

FREE
VIEW