စိုက်ပျိုး ရေ ပေး​ဝေတာ နည်းပါးနေတာကြောင့် တောင်သူတွေ လုပ်စားလို့မရဖြစ်နေ

ဒီဇင်ဘာ- ၂၃- ၂၀၂၂
(Voice of Myanmar)

စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ပန်း စိုက်တောင်သူတွေအတွက် မြေတော် ရေတော် ရာသီအမှီကို ကျဲရတဲ့အခါမှာ ရေကိုအချိန်မှီမရတဲ့အပြင် စိုက်ပျိုးရေပေးဝေတာ နည်းပါးတာကြောင့် တောင်သူတွေ လုပ်စားလို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေကို တိုင်းအစိုးရအဖွဲ့က တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ တောင်သူတဦးက VOM ကိုပြောပါတယ်။

အခမ်းအနားဖွင့်ပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုက “သုတေသနလုပ်ငန်းများနဲ့ မျိုးကောင်းမျိုးသန့်တွေရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းမှာ လေးမျိုးပဲရှိပါတယ်။ မျိုး၊ မြေ၊ ရေ ဘယ်လောက်ကောင်းကောင်း နည်းပညာမပါဘူးဆိုရင် ဒီကနေ့ ကမ္ဘာနိုင်ငံတွေမှာ စိုက်ပျိုးရေးပညာနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကျနော်တို့ အနောက်ကျဆုံးသာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကောင်းရဖို့နဲ့ အဟာရပြည့်ဝပြီး မြေသြဇာရရှိဖို့ ရေလုံးလောက်စွာရရှိရေး၊ နည်းစနစ်ကောင်းမွန်စွာနဲ့ စိုက်ပျိုးမယ်ဆိုခဲ့ရင် ကျနော်တို့ သီးနှံတွေဟာ တခြားတိုင်းတွေထက် နံပါတ် ၁ ဖြစ်ရမယ်လို့ “တက်ရောက်လာတဲ့ တောင်သူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အခုလိုမိန့်ခွန်း ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ အမရပူရမြို့နယ်၊ ဟင်္သာတိုက်နယ်မှာ တောင်သူလုပ်ကိုင်နေသူတဦးက ” ကျနော်တို့ဆီမှာတော့ တောင်သမန်အင်းပတ်ပတ်လည်က ရေမြုတ်ဒေသဖြစ်နေတဲ့အတွက် ထွက်ရမယ့် စပါးတွေလည်း မစိုက်ရတော့ အထွက်တော်တော်နည်းတယ်ပေါ့၊ မစိုက်ရတာတော်တော်များတယ်။ ပြီးတော့ ရေရဲ့အနေအထားကလည်း နှမ်းကျဲချိန်မှာဆို ကျတော်တို့ဆီမှာ ရေတံခါးက ရေက ပုံမှန်အဝင်အထွက်မ ရှိတဲ့အခါမှာ သုံးချင်သလိုသုံးမရဘူး။ တောင်သူတွေက နှမ်း ရေတင်ရတော့မယ်ဆိုရင် ဟိုဘက်က ရေမပေး နိုင်ဘူးပေါ့။ သုံးနေတဲ့ရေကတော့ မြစ်မကပေါ့ အဲ့ဒီကနေ တံတားဖြူခေါ်တာပေါ့။ အဲ့ဒီမှာ ရေတံခါးရှိတယ်။ အဲ့ဒီက ရေတံခါးက အထုတ်အသွင်းက တော်တော်လေးကို ပြောကြစို့ဆိုရင် တောင်သူ တောင်သူအချင်းချင်း မုန့်ဖိုးပေးပြီးမှကို ရေက ရတဲ့ပုံစံမျိုးဖြစ်နေတော့ မတတ်နိုင်တဲ့သူဆိုရင် မစိုက်ရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။ ရေနဲ့လုပ်စားရတဲ့ တောင်သူတွေဆိုတော့ ဒီနှစ်ပုံစံမျိုးဆိုရင် မြေက ဓာတ်ဆုပ်မြန်သွားတယ်ပေါ့။ မြေဓာတ်ဆုပ်မြန်သွားတဲ့အပေါ်မှာ ရေပေးပြီးတော့ ပဲစိုက်ရတဲ့သူတွေ တော်တော်များများရှိတယ်။ ပဲဆိုတဲ့သဘာဝက မြေတော် ရေတော် ရာသီအမှီကို ကျဲရတဲ့အခါကျတော့ မြစ်ရေတက်လာတာကို မပေးဘဲ ပိတ်ထားတော့ နောက်ကျသွားတာပေါ့။ ရေနဲ့ပတ်သက်လို့ တောင်းဆိုချင်တာက ရေရှိမှ တောင်သူက အလုပ်ဖြစ်မှာလေ ပဲ၊ နှမ်း၊ ပြောင်း၊ ပန်း စိုက်ကျတော့ ရေရှိမှကို အဆင်ပြေမှာ ရေက တအားနည်းသွားတော့ ကျနော်တို့က ဘာမှလုပ်စားလို့ မရဘူး။ စိုက်ရမယ့်အခါကျတော့ သူက ရေတွေအကုန်ထုတ်ပစ်တယ်။ ရေတွေအကုန်ဖြစ်နေတဲ့အခါကျတော့ ကုန်းတွေဖြစ်နေသည့်အတွက် ရေကျတော့ ယူစရာမရှိတော့ဘူး။ အဲ့ကျတော့ မစိုက်ရတော့ဘူး။ မစိုက်ရတော့ တောင်သူတွေအတွက်လည်း အခက်အခဲတော်တော်ကိုရှိတယ်။ ဒါကတော့ တောင်သမန်အင်းပတ်ပတ်လည်ပါ “လို့ VOM ကို ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်း အထောက်ကူပြုပစ္စည်း၊ အရည်အသွေးမှီ သွင်းအားစု၊ ဘေးအန္တရာကင်းရှင်းတဲ့ သီးနှံထုတ်ကုန်တွေကို ထုတ်လုပ်တတ်စေဖို့အပြင် တောင်သူ/ လုပ်ငန်းရှင်းတွေရဲ့ အခက်အခဲ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင်အဲ့ဒီအခမ်းအနားမှာ လယ်ယာမြေစိုက်ပျိုးရေးသုံး ဓာတ်မြေ​ဇာနဲ့ စိုက်ပျိုးရေး မျိုးစေ့အမျိုးမျိုး အပါအဝင် စက်မှုကရိယာ ယန္တယားအမျိုးမျိုးကိုလည်း ပြသရောင်းချနေတာဖြစ်ပါတယ်။

၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေကို တိုင်းအစိုးရအဖွဲ့က တွေ့ဆုံနှီးနှောဖလှယ်ပွဲကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ မတ္တရာမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိတ္ထီလာမြို့နယ်က တောင်သူအများအပြားဟာ အဲ့ဒီအခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #mandalay #စိုက်ပျိုးရေး #တောင်သူ #လယ်ယာ

Related posts

Leave a Comment

VOM News

FREE
VIEW