မြိုင်မြို့နယ်မှာ ကား ၁ စီး ရပ်မပေးလို့ ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူ ၃ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ​ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ကြံ့စိမ့်ကြီးကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ၊ မနက် ၁၁ နာရီဝန်းကျင်က ကျေးရွာချင်းဆက်ကားလမ်းမှာ မောင်းနှင်လာတဲ့ကား ၁ စီးကို နယ်မြေရှင်းလင်းရေး အဖွဲ့က ပစ်ခတ်ဖမ်းဆီးတာကြောင့် ကားပေါ်ပါ လူ ၃ ယောက်စလုံး သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အိမ်စီးဘင်ကား အပစ်ခံရတာပါ ၊ ကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသား ၃ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ် ၊ သေဆုံးသူတွေဟာ အခုထိတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်ဖမ်းဆီးတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကြံ့စိမ့်ရွာဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အခါ ၊ မသက်ာဖွယ်ရာ အိမ်စီးကား ၁ စီးမောင်းလာတာတွေ့ရတယ် ၊ အဲ့ဒီကားကို စစ်ဆေးဖို့ ကားကိုရပ်ခိုင်းတဲ့အခါ ၊ မောင်းပြေးပြီး ကားပေါ်ကနေ သေနတ်နဲ့ အရင်စပစ်တယ် ၊ အဲ့ဒါကြောင့် ကားပေါ်ပါ လူ ၃ ယောက်သေဆုံးခဲ့တာဖြစ်တယ် ၊ အဲ့ဒီအပြင် ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ ကားပေါ်က သေနတ် ၂ လက် ၊ ၁၂ ဗို့ကျည်ဆံ ၁၄ တောင့် သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ကျောက်လှေခါး ၊ သဲတောစတဲ့ကျေးရွာတွေဘက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသူတချို့ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသူ အမျိုးသမီး ၁ ဦး အပါအဝင် လူ ၅ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW