မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတချို့ ရက်အကန့်အသက်မရှိ ပိတ်ရမယ်လို့ သတင်းတွေ ထွက်နေ

ဒီဇင်ဘာ ၂၈-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့ပေါ်က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတချို့ ဒီဇင်ဘာ လကုန်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ရမယ်လို့ အခုရက်ပိုင်းအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ဟုတ်တယ် ဒီလကုန်လို့ပြောပါတယ်၊ အခု ဆေးကုမ္ပဏီအကုန်လုံးကို ဆေးတွေ ပြန်သိမ်းဖို့ အကူအညီလိုက်တောင်းနေရတယ်၊ CDM ဆရာဝန်မိတဲ့ကိစ္စလို့ကြားတယ်၊ အဲ့ဒီဆရာဝန်ထိုင်ခဲ့တဲ့ ဆေးခန်းတွေ ပိတ်ရတယ်လို့ကြားတယ်၊ သူ့ကို ဖမ်းမိတာက နန်းတော်မှာလို့လည်း ကြားတယ်၊ အဆက်အစပ်မရှိပေမယ့် တချို့ဆေးရုံတွေက ကြားညှပ်တဲ့သဘောပေါ့၊ ဘယ်အချိန်ထိပိတ်ရမလဲဆိုတာတော့ မသိဘူး လကုန်က စ ပိတ်ရမယ်လို့ ကြားတယ်”လို့ ပုဂ္ဂလိကဆေးရုံတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဆေးကုမ္ပဏီတွေနဲ့ နီးစပ်သူတဦးကလည်း ” ဘာကြောင့်လဲတော့မသိဘူး အဲ့ဒီဆေးရုံတွေမှာ ပို့ထားတဲ့ ဆေးပစ္စည်းတွေကို ပြန်သိမ်းဖို့ လှမ်းပြောတာတော့ ရှိတယ်၊ အခု အပြင်မှာလည်း ဆေးရုံ (၅)ခု ပိတ်ရမယ်လို့ သတင်းကထွက်နေတယ်၊ အဲ့ဒီကိစ္စပဲနေမှာပါ ၊ ဘာကြောင့်လဲဆိုတာတော့ သေချာမသိဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပုဂ္ဂလိကဆေးရုံတခုမှာ ဆီးနှင့်ကျောက်ကပ် ခွဲစိပ်အထူးကုဆရာဝန်ကြီးတဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း အခုလိုသတင်းတွေ ထွက်လာတာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေရဲ့ပြောပြချက်အရ သိရပေမယ့် VOMအနေနဲ့ အတည်ပြုချက်ရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တခြားမြို့တွေမှာတော့ ဒီလိုကိစ္စ မကြားရပေမယ့် ဆီးနှင့်ကျောက်ကပ်ခွဲစိပ်အထူးကုဆရာဝန်ကြီးဖမ်းခံရပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားချက်ထုတ်ခဲ့တဲ့ CDM ဆရာဝန်တွေ ဆေးကုသပေးနေတဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေ ပိတ်ရမယ့်ကိစ္စဟာ အခု စတင်လာတာဖြစ်နိုင်တယ်လို့ ဆရာဝန်လောကက သိရသလို တချို့ကလည်း ပြည်သူ့ဆေးရုံကြီးမှာ ကျောက်ကပ်ဆရာဝန်နည်းတဲ့အတွက် ဖိအားပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရက်အကန့်အသတ်မရှိ ပိတ်ရမယ်လို့ သတင်းထွက်နေတဲ့ ပုဂ္ဂလိက ဆေးရုံတွေကတော့ နန်းတော်၊ မြို့တော်၊ ထက်နေလင်း၊ ကံ့ကော်၊ စိန်ပန်း ဆေးရုံတွေဖြစ်တယ်လို့ သိရပြီး အဲ့ဒီဆေးရုံတွေမှာ ဝန်ထမ်းအင်အား ရာနဲ့ချီ ရှိတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ပုဂ္ဂလိကဆေးရုံတချို့ #ရက်အကန့်အသတ်မရှိပိတ်မယ်လို့သတင်းထွက်

Related posts

Leave a Comment

VOM News

FREE
VIEW