ကျင်စန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ လမ်းကြောမှာ ရှိန်တိန်စနစ် သုံးနေဆဲဖြစ်တာကြောင့် ကုန်ကျစရိတ် များနေ

ဇန်နဝါရီ ၅၊ ၂၀၂၂
Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေအားလုံးမှာ ခေါက်တို အစားထိုး ယာဉ်မောင်း (ရှန်တိန်)စနစ် ဖြုတ်လိုက်ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်တခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ – ဝမ်တိန် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာလမ်းကြောမှာ ရှိန်တိန်စနစ် သုံးနေဆဲဖြစ်တာကြောင့် ကုန်ကျစရိတ်များနေတဲ့အပြင် အချိန် ကြန့်ကြာမှုတွေပါ ဖြစ်နေတယ်လို့ နယ်စပ် ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။

“ရှန်တိန် ၅ ဆင့်လောက် ပြီးမှ တရုတ်ထဲ ရောက်တာ၊
ရွှေမိုင်းယုကွင်းကနေ ကုန်သွယ်ရေးဇုန်အထိ တဆင့်၊ ကုန်သွယ်ရေးဇုန်ကနေ နှင်းနှင်းခိုင်ကွင်းအထိတဆင့်၊ နှင်းနှင်းခိုင်ကွင်းကနေ ရွှေလီရေးဗားကွင်းကို တဆင့်၊ ရွှေလီရေးဗားကွင်းကနေ ကျင်စန်းကျော့လွယ်အင်ရွာအထိ ရှန်တိန်တဆင့်နဲ့ လွယ်အင်ရွာကနေ ရွှေလွယ်အင်ကွင်းအထိ နောက်ရှန်တိန် ၁ ဆင့် စသဖြင့် အဆင့်ဆင့်ရှိတယ်”လို့ ကုန်တင်ယာဉ်မောင်း တဦးက ပြောပါတယ်။

ရွှေမိုင်းယုကွင်းကနေ ကုန်သွယ်ရေးဇုန်အထိ နဲ့ ကုန်သွယ်ရေးဇုန်ကနေ နှင်းနှင်းခိုင်ကွင်းအထိ ရှန်တိန် ၂ ဆင့် အတွက် ရှန်တိန်သမား ငှားခ ၃၅၀၀၀ ကျပ်၊ နှင်းနှင်းခိုင်ကွင်းကနေ ရွှေလီရေးဗားကွင်းထိ ရှန်တိန်ခ ၆၀၀၀၀ ကျပ်၊ ရွှေလီရေးဗားကွင်းကနေ ကျင်စန်းကျော့လွယ်အင်ရွာအထိ ရှန်တိန်ခ ၂၀၀၀၀ ကျပ် နဲ့ လွယ်အင်ရွာကနေ ရွှေလွယ်အင်ကွင်းအထိနောက် ရှန်တိန် တစ်ဆင့် ခက ၂၀၀၀ ကျပ် ဖြစ်ပြီး စုစုပေါင်း ရှန်တိန်ခ သီးသန့် ၁၁၇, ၀၀၀ ကျပ် ကုန်ကျရတယ်လို့ ကားအုံနာလည်း ဖြစ်သူ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်ပါတယ်။

ဒါ့အပြင် ကွင်းထဲတွေမှာလည်း ညအိပ်ရင် ညအိမ်ခ ပေးရပြီး ရက်အလိုက် ကြာရင်ကြာသလို ကုန်ကျရတယ်လို့ သိရပါတယ်။

နှင်းနှင်းခိုင်ကွင်းမှာ‌ ကွင်းကြေးက တခါဝင်ရင် ညမအိပ်လည်း ၃၀၀၀ ကျပ်ပေးရပြီး တစ်ညအိပ်ရင် ၂၀၀၀ ကျပ် ပေးရကာ ရွှေလီရေးဗားကွင်းမှာတော့ တစ်ညအိပ်ရင် ၅၀၀၀ ကျပ် ပေးရတယ်လို့ မန္တလေး – ကျင်စန်းကျော့ ကုန်တင်ယာဉ်မောင်းတဦးက ရှင်းပြပါတယ်။

“ရွှေလွယ်အင်ကွင်းထဲ ရောက်ပြီးရင်တော့ ဘာကြေးမှ ထပ်မပေးရတော့ဘူး။ A ဇုံရယ်၊ B ဇုံရယ်ဖြတ်ပြီး ဝမ်တိန်ဘက်ထဲ ဝင်တယ်။ အပြန်ကျတော့လည်း ဟုတ်တယ်။ အဲ့ဒီအတိုင်းပဲ။”လို့ သူက ပြောပါတယ်။

လတ်တလောမှာတော့ Export ကားတွေ ကြန့်ကြာမှု ဖြစ်နေပြီး ရွှေလီရေးဗားကွင်းမှာ ရက်ပေါင်း ဆယ်ချီ အိပ်ရတဲ့ ကုန်တင်ယာဉ်မောင်းတွေလည်းရှိကြောင်း ကုန်တင်ယာဥ်မောင်းတွေက ပြောပါတယ်။

“ခေါက်ကြေးနဲ့ ကြာတာနဲ့ ဘာမှ မကျန်ဘူး။ ဒီ အပေါ်မှာ ကြာသွားရင်တော့ ဒုက္ခရောက်တာပေါ့။ စားတာ သောက်တာရော အခုဆို အကုန်ဈေးတက်တယ်လေ။”လို့ နောက်ထပ် ကုန်တင် ယဉ်မောင်း တဦးက ပြောပါတယ်။

ကုန်ကျစရိတ် များနေတာကြောင့် ကုန်ဈေးနှုန်းတွေ ဈေးကြီးနေပြီး စားသုံးသူ ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်လို့ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက်တွေ လျှော့ပေါ့လိုက်ပြီပေါ့နော်။ အဲဒါကြောင့် ကုန်ကျစရိတ် တအားများလို့ မြန်မာဘက်ခြမ်းရော ရှန်တိန်တွေဖြုတ်ပေးဖို့ စာပို့တာတွေရှိတယ်။ မြန်မာဘက်က လုပ်ငန်းရှင် တချို့က သဘောမတူဘူး။”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ကတည်းက တရုတ်ဘက်က တနိုင်ငံလုံး ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီး တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေ အားလုံးကို ရှန်တိန် စနစ် ဖြုတ်ပစ်ခဲ့ပေမယ့် ကျင်းစန်းကျော့ – ဝမ်တိန် လမ်းကြောမှာတော့ ရှန်တိန် စနစ် သုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – သီဟ
#voiceofmyanmar #VOM #ကျင်းစန်းကျော့၊ဝမ်တိန်လမ်းကြော #ရှန်တိန်စနစ် #ကုန်ကျစရိတ်များနေ

Related posts

Leave a Comment

VOM News

FREE
VIEW