နတ်တလင်းက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဆိုင်ကယ်ရပ်မပေးလို့ ပထမနှစ်ကျောင်းသား(၁)ဦး ပစ်သတ်ခံရ

ဇန်နဝါရီ၊၁၅-၂၀၂၃
MM(VOM)

ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ်၊ တာပွန်ကျေးရွာထိပ်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်က တက္ကသိုလ် ပထမ နှစ်ကျောင်းသား တယောက် ဆိုင်ကယ်ရပ်မပေးလို့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပစ်သတ်ခံရတဲ့သူမှာ မောင်ဝင်းဇော်ထွန်း ၊ ပထမနှစ် တက္ကသိုလ်ကျောင်းသား တယောက်ဖြစ်ပြီး ဆိုင်ကယ် မောင်းလာချိန် တာပွန်ကျေးရွာထိပ်က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ ဆက်မောင်းသွားတာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရပြီး ဖြစ်စဉ်ဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

”တာပွန်ကျေးရွာထိပ်မှာ စစ်ဆေးရေးဂိတ်ရှိပါတယ် ၊ တပ်တွေနဲ့ ရဲတွေ စောင့်နေတာပါ ၊ ဆိုင်ကယ်မောင်းလာတာကို ရပ်မပေးဘဲ ဆက်မောင်းလို့ဆိုပြီး ပစ်သတ်လိုက်တာ၊ အဲ့ဒီနေရာမှာပဲသေဆုံးသွားတာ ၊ အသက် ၂၀ ကျော် လောက်ပဲရှိဦးမယ် ၊ ပစ်သတ်ခံရတဲ့ ကောင်လေးက ပထမနှစ်ကျောင်းသားတဲ့။”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်ကပြောပါတယ်။

ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က”
ပစ်ခတ်ခံခဲ့ရတဲ့သူက ပေါင်းတည်မြို့ကလို့သိရတယ် ၊နတ်တလင်းမြို့ကို အလုပ်ကိစ္စနဲ့ အသွားမှာ ပစ်သတ်ခံရတာလို့ သိရတယ်၊ သူ့ဆိုင်ကယ်က လိုင်စင်သက်တမ်း ကုန်နေလို့ စစ်ဆေးတဲ့အခါ ကြောက်လို့ ရပ်မပေးဘဲ ဆက်မောင်းရင်း ပစ်ခံရတာလို့သိရတယ် ၊ ဒေသခံတွေကို အကြည့်မခံဘူး။”လို့ သူကပြောပါတယ်။

အဲ့ဒီ သေဆုံးသူ မောင်ဝင်းဇော်ထွန်းရဲ့ရုပ်အလောင်းကို ကားနဲ့လာသယ်သွားပြီး နတ်တလင်းဆေးရုံကိုပို့လိုက်တာတွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နတ်တလင်းမြို့ ၊ တာပွန်ကျေးရွာထိပ် စစ်ဆေးရေးဂိတ်မှာ နေ့စဥ် လုံခြုံရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက်ဆိုကာ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အခါ စည်းကမ်းချက်တွေနဲ့မကိုက်ညီလို့ဆိုကာ ဖမ်းဆီးထောင်ချခံရတဲ့သူ အယောက် ၃၀ ထက် မနည်းရှိတာကြောင့် ဒေသခံတွေမှာ ဆိုင်ကယ်အဖမ်းခံရမှာကြောက်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ထဲမှာ ယာဥ်စည်းကမ်းဖောက်ဖျက်လို့ဆိုပြီး ငွေဒဏ် ၁ သောင်းနဲ့ ၁ သိန်းအထိ ချမှတ်ခံရတဲ့သူကလည်း အယောက် ၂၀၀ ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #နတ်တလင်း #တက္ကသိုလ်ကျောင်းသား #ဆိုင်ကယ်ရပ်မပေးလို့ #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW