မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ပျံလွန်တော်မူ

စစ်ကိုင်း၊ ဇန်နဝါရီ – ၁၇- ၂၀၂၃
(Voice Of Myanmar)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ
(သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဒီကနေ့မနက်ပိုင်းမှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

“ဆရာတော်ရဲ့အနားမှာ ကြောင်လေးတွေရှိတော့ သူတို့ရဲ့ အမွှေးအမျှင်တွေမှာ တွယ်ကပ်နေတဲ့ ကပ်ပါးကောင်လေးတွေက ဆရာတော်ရဲ့ အသက်ရှူလမ်းကြောင်းကတဆင့် ဦးနှောက်ထဲကို ကူးစက်ပြီး ဦးနှောက်ထဲမှာ ပိုးဝင်တယ်လို့တော့ ဘုန်းကြီးသိလိုက်ရတယ်လို့” မြစင်္ကြာဆရာ တော်ကြီးနဲ့ ရင်းနှီးမှုရှိတဲ့ စစ်ကိုင်းမြို့က တိုက်ဝါကြီးကျောင်းတိုက် ဆရာတော်က VOM ကို မိန့်တော်မူပါတယ်။

စစ်ကိုင်းမြို့က သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတဦးက “လော လောဆယ်တော့ ကားတစ်စီးလာဖို့ခေါ်လို့ ကျနော်တို့ သွားနေပါတယ်။ ဆရာတော်ကို ကျောင်းက ကားနဲ့ ပင့်မလား ကျနော်တို့ ကားနဲ့ ပင့်မှာလားဆိုတာတော့ မပြောတတ်သေးဘူးဗျ။ ကျန်တာကတော့ နာယကအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဘယ်လိုစီစဥ်မလဲဆိုတာ သိရမှာပါ” လို့ VOM ကိုပြောပါတယ်။

“ဆရာတော် ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတာတော့ကြာပြီဗျ။ ကျနော်တို့ကိုတော့ မြစင်္ကြာနာယကအဖွဲ့ကနေ ညနေ ၄ နာရီမှာ အစည်းအဝေးတက်ရောက်ပေးဖို့ ဒီကနေ့မနက်က အကြောင်းကြားလာတယ်လို့” ဆွမ်းဦးပုညရှင်ဂေါ်ပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပါတယ်။

ဆရာတော်ဟာ မန္တလေးမြို့ ငြိမ်းအထူးကုဆေးရုံကြီးမှာ ဆေးကုသုမှုခံယူရင်း ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၁၇၊၁၊၂၀၂၃) အင်္ဂါနေ့ ဒီကနေ့မနက် ၈ နာရီ ၃၀ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့က ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ (၃-၁၀-၁၉၆၅) တနင်္ဂနွေ နေ့မှာ ဖွားမြင်ခဲ့ပြီး ၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့မှာ ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ်ကို ဥပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါးရဲ့ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြစင်္ကြာကျောင်းတိုက်ရဲ့ နာယကဆရာတော်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆရာတော်ကြီးရဲ အန္တိမစျာပနအတွက် ဆက်လက်လုပ်ဆောင်မယ့် ကဏ္ဍတွေကို ဆက်လက်တင်ပြနိုင်ဖို့ VOM သတင်းဌာနအနေနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Photos crd – မြစင်္ကြာကျောင်းတိုက်

#မြစင်္ကြာကျောင်းတိုက် #Voiceofmyanmar #VOM #မြစကြာ #ဘဒ္ဒန္တဣန္ဒကာဘိဝံသ #ပျံလွန်တော်မူ

Related posts

✕
VOM News

FREE
VIEW