မုံရွာ – ကလေးဝ ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေကြောင့် ကားတွေပိတ်မိနေတာ ၁ ပတ်ကျော်ကြာ

ဇန်နဝါရီ ၂၃ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နဲ့ ကလေးဝမြို့ကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ ၊ ကလေးဝ ၊ ကလေး ၊ တမူး ကားတွေ ပိတ်မိနေတာ ဒီကနေ့အထိဖြစ်တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မဟာမြိုင်တောထဲက သက္ကယ်ကျင်း ၊ ပျဥ်းကိုင်း ၊ ယုဇလယ် စတဲ့ရွာတွေဘက်မှာ နယ်မြေရှင်းလင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မုံရွာ – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း – ခန္တီး ကားတွေနဲ့ မုံရွာ – ကလေး – ကလေးဝ – တမူး ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ အခုလ ၁၅ ရက်နေ့ကစလို့ ဒီကနေ့အထိဖြစ်တယ် ၊ ပိတ်မိနေတဲ့ အတက် ကားတွေက တောကျင်နဲ့ အနီးဝန်းကျင်မှာ ခိုနေရတယ် ၊ အဆင်းကားတွေကတော့ နီးစပ်ရာ ရွာတွေနားမှာ ခိုနေရတာ”လို့ အဲ့ဒီနေရာကို ရောက်နေတဲ့ ကားသမားတွေက ပြောပါတယ်။

မုံရွာ – ကလေး – တမူး မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ရှိပြီး ၊ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ မုံရွာ – ဂန့်ဂေါ – ကလေး ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပိုင်း ၂ ခုဟာ မိုင်းအန္တရာယ်ကြောင့် သွားလာခြင်း မပြုတာ ၂ နှစ် နီးပါးရှိနေပြီး မဟာမြိုင် လမ်းပိုင်းကိုသာ အဓိကထား အသုံးပြုနေရတာဖြစ်ပါတယ်။

မုံရွာ – ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က “လွန်ခဲ့တဲ့ လပေါင်း ၂၀ ကျော်က မုံရွာ ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကို မုံရွာ – ကောလင်း – ပင်လည်ဘူး လမ်းပိုင်းကနေ ပို့ဆောင်တယ် ၊ အခု အဲ့ဒီလမ်းကြောင်းကလည်း တိုက်ပွဲတွေဖြစ်တယ် ၊ လမ်းကြောင်းတခုလုံး မိုင်းအန္တရာယ်ကြောက်ရတယ် ၊ အဲ့ဒါကြောင့် မဟာမြိုင်လမ်းကို အသုံးပြုနေရတာ”လို့ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးအတွက် အားပြုနေရတဲ့ မဟာမြိုင်လမ်းဟာ အခုလ ၁၅ ရက်ကနေ ဒီကနေ့အထိ လမ်းပိတ်ထားပြီး ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာလို့ ဒေသခံကားသမားတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #မဟာမြိုင်လမ်း #ထိတွေ့တိုက်ပွဲ #တပတ်ကြာလမ်းပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW