ပတ်စ်ပို့အသစ်လျှောက်ထားခြင်း ပြန်ပိတ်

ဖေဖော်ဝါရီ ၂၇ – ၂၀၂၃
GG(VOM)

နိုင်ငံကူးလက်မှတ်စာအုပ်လျှောက်ဖို့အတွက်
Online Booking စနစ်သစ်နဲ့ရက်ချိန်းရယူခြင်းကို ပတ်စ်ပို့ ရုံးဘက်က ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။

စာအုပ်အသစ်လျှောက်ထားမှုကို ရန်ကုန် ပတ်စ်ပို့ရုံးပြန်ဖွင့်တဲ့ ဖေဖော်ဝါရီ၂၄ ရက်မှာသာလက်ခံခဲ့ပြီး အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေစပြီး ဒီနေ့အထိ စာအုပ်အသစ်လျှောက်ထားမှုကို ရပ်နားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ စာအုပ်အသစ်လုပ်မယ့်သူတွေအနေနဲ့ online ကနေ ရက်ချိန်းယူလို့မရကြောင်း၊ စာအုပ်အသစ်လုပ်လို့ရမယ့်ရက်ကို website ကနေသာပြန်လည်ကြေညာပေးမယ်လို့ သိရပါတယ်။

” ဖွင့်ပြီးနောက်ရက်မှာ ပြန်ပိတ်တယ်၊ ၂၆ ရက်နေ့ဖွင့်မယ်လို့ပြောထားပြီး နောက်တော့ ဖွင့်မယ့်ရက်ကိုထပ်ကြေညာမယ်ဆိုပြီးထုတ်တယ်။ သူတို့ကတော့ လက်ရှိအွန်လိုင်းစနစ်ကိုပြန်ပြင်နေတာကြောင့်လို့ပြောတာပဲ ၊စာအုပ်လျှောက်မလျှောက်ရသေးဘူး ပြန်ပိတ်တယ်ဆိုတော့ဗျာ”လို့ ပတ်စ်ပို့လျှောက်ဖို့စောင့်နေသူတဦးကပြောပါတယ်။

Online Appointment System စနစ်ကို ဖေဖော်ဝါရီ၂၅ ရက်နေ့မှာပြန်ပိတ်ခဲ့တာဖြစ်ပြီး ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်​နေလို့ ပိတ်တာဖြစ်ကြောင်းနဲ့ ဝန်ဆောင်မှုပြန်လည်စတင် ဖွင့်လှစ်မယ့်အချိန်ကို ထပ်မံကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” အခုတခါ အွန်လိုင်းစနစ်အသစ်က အဆင်ပြေတယ်ပြောရမယ်၊ပွဲစားကိုမလိုတော့ဘူး။ ရက်ချိန်းရလို့ ရုံးကိုသွားတော့လည်း သူ့အချိန်နဲ့သူ ဝင်ရတယ်၊ အထဲရောက်သွားတော့လည်း အဆင်ပြေတယ်။ဒီစနစ်ကိုဆက်ထိန်းနိုင်ရင် အဆင်ပြေမယ်၊အခုတော့ စနစ်ကရပ်ထားတယ်၊စာအုပ်အသစ်လုပ်မယ့်သူတွေလျှောက်မရသေးဘူး၊အချိန်အရမ်းမကြာဖို့တော့မျှော်လင့်တာပဲ “လို့ ပတ်စ်ပို့စာအုပ်အသစ်လျှောက်ထားပြီး ရက်ချိန်းရရှိထားသူတဦးကပြောပါတယ်။

လက်ရှိ အွန်လိုင်းဘိုကင်စနစ်ရပ်ထားချိန်မှာ ရက်ချိန်းရပြီးသား စာအုပ်လျှောက်သူတွေကို လုပ်ဆောင်ပေးနေကြောင်း၊ ပတ်စ်ပို့ရုံးပြန်ဖွင့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တရက်တည်းမှာ စာအုပ်အသစ်လျှောက်သူ ၈၅၂၉ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ၂၀၂၂ခု နှစ်၊ဒီဇင်ဘာလမှာပိတ်ခဲ့ပြီး ဖေဖော်ဝါရီ၂၄ရက်နေ့တရက်ပဲ ပြန်လည်ဖွင့်လှစ်ကာ လက်ရှိမှာ ပတ်စ်ပို့ စာအုပ်သစ်အလျှောက်ခြင်းကို ထပ်မံရပ်နားလိုက်တာဖြစ်ပါတယ်။

ပတ်စ်ပို့စာအုပ်လျှောက်တဲ့အခါ ကျသင့်ငွေကို အွန်လိုင်းကနေ KBZ pay ၊ MPU ဘဏ်ကဒ်နဲ့ တခါ တည်း ပေးချေရမှာဖြစ်ပြီး နူန်းထားတွေက စာအုပ်အသစ်နဲ့သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊စာအုပ်ပျက်စီး ပျောက်ဆုံးက ၇၅၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။

ပုံစာ – ရက်ချိန်းရပြီးသူတွေ ရုံးထဲဝင်ခွင့်ရဖို့ တန်းစီနေပုံ
#voiceofmyanmar #VOM #ပတ်စ်ပို့အသစ်လျှောက်ထားခြင်း #ပြန်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW