မတ် ၁၆-၂၀၂၃
GG (VOM)
မော်လမြိုင်မြို့ရှိ အတ္တရံတံတားကို ပြုပြင်မှုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစပြီး တံတားပေါ် ကို ၃ တန်အထက်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်ကားတွေ၊ ခရီးသည်တင်Express ကားတွေ အပါအဝင် စတဲ့၃တန်အထက်ကားတွေဟာ ကျိုက်မရော စံပယ်ဂူတံတားဘက်နဲ့ သထုံဘက်လမ်းကနေ ပတ်ပြီးသွားနေရတာကြောင့် ကားသမားတွေလည်း အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။
နောက်ပြီး အတ္တရံတံတားမှာလည်း ၃ တန်အောက်ကားနဲ့ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပေးနေပေမယ့် တံတားတဖက်စီကို အလှည့်ကျဖြတ်သန်းခွင့်ပေးတာဖြစ်လို့ ကားပိတ်ဆို့မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။
“အတ္တရံတံတား ဒီမနက်အခြေအနေ (၃)တန်အထက်ကားကြီးပေးမဖြတ်တော့ပါ။ ဒီတော့ ၃တန်အထက်တွေက အရင်က တံတားထိပ်ကနေ ဇာသပြင် ကို ၁၅မိနစ်သာ မောင်းရမယ့်ခရီးက အခု ကျိုက်မရော စံပါယ်ငူတံတားဘက်ကနေ တစ်နာရီနီးပါးလောက် ပတ်မောင်းနေရတယ်”လို့ မော်လမြိုင် ဒေသခံတဦးက ပြောပါတယ်။
အတ္ထရံတံတားရဲ့ပင်မအောင်ခုံနေရာဟာ အက်ကွဲမှုဖြစ်နေတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ပြုပြင်ဖို့ရာ တံတားအပေါ် ယာဥ်သွားလာခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
” မနေ့က ကားတွေကို အလှည့်ကျဖြတ်ခွင့်ပေးတယ်၊ကားတွေကတော့ ပိတ်တာပေါ့ ။၃တန်အထက်ကားတွေပိတ်လိုက်တာက အခုမနက်မှပါ။ ကုန်ကားတွေကတော့ ပတ်သွားကြတာပေါ့၊ တံတားအသစ်လည်း ဆောက်နေတာပဲ၊အခုနှစ် အပြီးဆောက်မှာလို့လည်းပြောတာပဲ။အခုထိတော့ မပြီးသေးဘူး။ ” လို့ မော်လမြိုင် ဒေသခံတဦးကပြောပါတယ်။
အတ္ထရံတံတားဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို အဓိကဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး မော်လမြိုင်-ဘားအံ-ကော့ကရိတ်-မြဝတီသွားတဲ့ လမ်းမကြီးပေါ်မှာတည်ရှိပါတယ်။
အတ္တရံတံတားကို ကွန်ကရစ်ထောက်တိုင်၊ သံမဏိဆိုင်းကြိုးတွေနဲ့ ဆောက်လုပ်ထားပြီး တံတားအရှည် ၁၄၂၀ ပေရှိကာ နှစ်လမ်းသွား ကြိုးတံတားအမျိုးအစားဖြစ်ကြောင်း၊တံတားကို ၁၉၉၈ ခုနှစ် မတ်လမှာ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာဖြစ်လို့ အခုဆိုရင်တံတားသက်တမ်းက ၂၅ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မော်လမြိုင် #အတ္တရံတံတား #၃တန်အထက်ယာဥ်သွားလာခွင့်ပိတ် #သွားလာရေးခက်ခဲ