အတ္တရံတံတားပေါ် ၃တန်အထက် ယာဥ်တွေ ဖြတ်သန်းခွင့်ပိတ်လိုက်လို့ သွားလာရေး ခက်ခဲနေ

မတ် ၁၆-၂၀၂၃
GG (VOM)

မော်လမြိုင်မြို့ရှိ အတ္တရံတံတားကို ပြုပြင်မှုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစပြီး တံတားပေါ် ကို ၃ တန်အထက်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကုန်ကားတွေ၊ ခရီးသည်တင်Express ကားတွေ အပါအဝင် စတဲ့၃တန်အထက်ကားတွေဟာ ကျိုက်မရော စံပယ်ဂူတံတားဘက်နဲ့ သထုံဘက်လမ်းကနေ ပတ်ပြီးသွားနေရတာ​ကြောင့် ကားသမားတွေလည်း အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။

နောက်ပြီး အတ္တရံတံတားမှာလည်း ၃ တန်အောက်ကားနဲ့ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပေးနေပေမယ့် တံတားတဖက်စီကို အလှည့်ကျဖြတ်သန်းခွင့်ပေးတာဖြစ်လို့ ကား​ပိတ်ဆို့မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

“အတ္တရံတံတား ဒီမနက်အခြေအနေ (၃)တန်အထက်ကားကြီးပေးမဖြတ်တော့ပါ။ ဒီတော့ ၃တန်အထက်တွေက အရင်က တံတားထိပ်ကနေ ဇာသပြင် ကို ၁၅မိနစ်သာ မောင်းရမယ့်ခရီးက အခု ကျိုက်မရော စံပါယ်ငူတံတားဘက်ကနေ တစ်နာရီနီးပါးလောက် ပတ်မောင်းနေရတယ်”လို့ မော်လမြိုင် ဒေသခံတဦးက ပြောပါတယ်။

အတ္ထရံတံတားရဲ့ပင်မအောင်ခုံနေရာဟာ အက်ကွဲမှုဖြစ်နေတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ပြုပြင်ဖို့ရာ တံတားအပေါ် ယာဥ်သွားလာခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ကားတွေကို အလှည့်ကျဖြတ်ခွင့်ပေးတယ်၊ကားတွေကတော့ ပိတ်တာပေါ့ ။၃တန်အထက်ကားတွေပိတ်လိုက်တာက အခုမနက်မှပါ။ ကုန်ကားတွေကတော့ ပတ်သွားကြတာပေါ့၊ တံတားအသစ်လည်း ဆောက်နေတာပဲ၊အခုနှစ် အပြီးဆောက်မှာလို့လည်းပြောတာပဲ။အခုထိတော့ မပြီးသေးဘူး။ ” လို့ မော်လမြိုင် ဒေသခံတဦးကပြောပါတယ်။

အတ္ထရံတံတားဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို အဓိကဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး မော်လမြိုင်-ဘားအံ-ကော့ကရိတ်-မြဝတီသွားတဲ့ လမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

အတ္တရံတံတားကို ကွန်ကရစ်ထောက်တိုင်၊ သံမဏိဆိုင်းကြိုးတွေနဲ့ ဆောက်လုပ်ထားပြီး တံတားအရှည် ၁၄၂၀ ပေရှိကာ နှစ်လမ်းသွား ကြိုးတံတားအမျိုးအစားဖြစ်ကြောင်း၊တံတားကို ၁၉၉၈ ခုနှစ် မတ်လမှာ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာဖြစ်လို့ အခုဆိုရင်တံတားသက်တမ်းက ၂၅ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #အတ္တရံတံတား #၃တန်အထက်ယာဥ်သွားလာခွင့်ပိတ် #သွားလာရေးခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW