အလှ အပြင်အဆင်ချာ၊ အုန်းမှုတ်ပဲ့၊ ဒိုလာ နှင့် ထွာဆိုင် လေးသစ်ငယ်

ဆူးငှက်

ရှေးက ပြည်သူချစ်သော အနုပညာရှင် အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင် သီဆိုခဲ့တဲ့ ” ရွှေပြည်စိုး”သီချင်းကို ကျွန်တော် အလွန်ကြိုက်ပါတယ်။ ကြားဖူးတာက လွန်ခဲ့တဲ့ နှစ်၅၀လောက်က
မန္တလေး ရွှေရတနာအငြိမ့်မှာ ရွှေမန်းသူမြင့်မြင့်သန်း၊ အလယ်ထွက် မင်းသမီးအဖြစ် ကပြချိန် စပြီး
ကြားဖူးတာပါ။ အစ်မကြီး မမြင့်မြင့်သန်းက ‘ရွှေပြည်စိုး’သီချင်း သီဆိုပါတယ်။ ‘စာပေါင်ပဲ့ပဲ့
လျှာကိုက်နာနာ’နဲ့ သီဆိုနိုင်တဲ့ မမြင့်မြင့်သန်းနဲ့ အလွန်လိုက်ဖက်ပါတယ်။

“မြနဲ့မာင်နဲ့ အခုမှတွ့တာ…၊
လူပါးမဝခင်တုန်းက ပြောကြတော့ ရီစရာပါ .. အားငှာ… ငှာ… ငှာ… ငှာ…”ဆိုတဲ့နေရာများ မေးရိုက်မေးဝဲနဲ့ သီဆိုသွားတာ ငေးယူရပါတယ်။နောက်ပိုင်း ရွှေပြည်စိုးသီချင်းကို ကက်ဆက်ခွေကတဆင့် မနားတမ်း နားထောင်ပြီး အလွတ်ရတော့လည်း မြနဲ့မောင်နဲ့ အခုမှတွေ့တာ အပိုဒ်ကိုပဲ ‘အားငှာ… ငှာ… ငှာ… ငှာ…’ထိ ထပ်တလဲလဲ သီဆိုနေမိ ပါတယ်။

ဒီလိုနဲ့ ၁၉၉၃ ခုနှစ်မှာ လူထုကြီးပွားရေး စာအုပ်တိုက်ရဲ့အယ်ဒီတာအဖွဲ့စားပွဲကို ရောက်သွားတယ်။
ကျွန်တော်ရောက်ပြီး ၂နှစ်လောက်ကြာတော့ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ ‘ပြည်သူချစ်သော
အနုပညာသည်များ’စာအုပ်က အပြင်မှာ မရှိသလောက် ရှားပါးနေတော့ ထပ်မံထုတ်ဝေဖို့ စဉ်းစားကြတယ်။

အဲဒီအချိန်က စာအုပ်ထုတ်ဝေရေးဟာ အတော် ခက်ခဲတယ်။ စီစစ်ရေးက အနည်းဆုံး ၆ လကြာတယ်။ ‘လူထု’တိုက်ထုတ် စာအုပ်ဆိုရင် အကြောင်းမရှိ အကြောင်းရှာပြီး ဖြတ်တောက်တယ်။ ကန့်သတ်တယ်။ ပြီးတော့ စက္ကူကလည်း ရှားတယ်။ ဒီတော့ ‘ပြည်သူချစ်သော အနုပညာသည်များ’စာအုပ် ထပ်မံရိုက်နှိပ်ထုတ်ဝေဖို့က ချက်ချင်း အဆင်မပြေဘူးပေါ့။ ဒါပေမယ့် အဲဒီစာအုပ်ကို ပြန်ထုတ်မယ်ဆိုတာတော့ ဆုံးဖြတ်ထားကြတယ်။

ဒီတော့ ဒေါ်ဒေါ်လူထုဒေါ်အမာက “မင်းတို့ စာအုပ်ပြန်ထုတ်မယ်ဆိုရင် ဖြည့်စရာတွေ ပြင်စရာတွေရှိတယ်။ဖြည့်ပြီး၊ပြင်ပြီးမှ ပြန်ထုတ်ကြတာပေါ့။ ဟော ဟို စာအုပ်ဂိုဒေါင်ခန်းထဲမှာ သံသေတ္တာတစ်လုံး ရှိတယ်။ အဲဒီသံသေတ္တာထဲမှာ ‘ပြည်သူချစ်သော..’နဲ့ပတ်သက်သမျှ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေရှိတယ်။ မင်းယူပြီး အခုထဲက ကြိုဖတ်ပေါ့”လို့ ပြောတယ်။ ဒေါ်ဒေါ်က ဆက်ပြောတယ် “တို့ရေးသမျှ စာအုပ်ထဲမှာ ပြည်သူချစ်သော အနုပညာသည်များက ပရိသတ် အားအပေးခံရဆုံး။ ပရိသတ်ဆီက စာအလာဆုံး။ ဆရာတော် သံဃာတော်တွေကအစ အရွယ်သုံးပါး ကျား၊မ မရွေး စာတွေပြန်ရေးကြတာ…။ စာအုပ်သဘောကျတဲ့ အကြောင်း။ ဒါလေး၊ ဒါလေးတွေ
လိုအပ်သေးတဲ့ အကြောင်း။ ဒီ အချက်အလက်လေးတွေက သူတို့သိတာနှင့် လွဲနေတဲ့အကြောင်း။ ဒီ
အချက်လေးတွေက အမှတ်မှားနေကြောင်း… ဆိုတာတွေပေါ့။ အဲဒီ သံသေတ္တာထဲမှာ စာတွေအားလုံး
ဖိုင်တွဲထားတယ်။ အဲဒါတွေ ဖတ်ထား၊ မှတ်စု ထုတ်ထားကွယ့်”တဲ့။

ဟုတ်ပါတယ်။ ရှေးဟောင်း သံသေတ္တာထဲမှာ ပေးစာတွေအားလုံး စနစ်တကျ ဖိုင်တွဲထားတယ်။
စာတိုက်က ပို့တဲ့ စာအိတ်ကအစ သူ့စာနဲ့အတူ တွဲထားတယ်။ အဲဒီစာထဲမှာ လေဘာတီမမြရင်ရဲ့
‘ရွှေပြည်စိုး’သီချင်းနဲ့ ပတ်သက်ပြီး နယ်က ပဉ္စင်းငယ်လေး တစ်ပါးက သူတို့ရွာမှာ မမြရင်လာ က တော့
ရွှေပြည်စိုး သီချင်းကို ကြိုက်လွန်းလို့ မင်းသမီးဆီက စာသားမေးပြီး ရေးထားတာတဲ့။ အဲဒီ သီချင်းစာရွက်လေးကို စာတိုက်က ပို့ပေးတာ။ စာရွက်လေးက ဝါကျင့်လို့…။ ဒါကြောင့် စာသားတွေ ဖတ်မရလောက်အောင် မပျက်စီးခင် ကျွန်တော့် မှတ်စု စာအုပ်လေးထဲ ကူးရေးထားလိုက်ပါတယ်။

ဒီနေရာမှာ လိုအပ်တဲ့ စာသားအပိုဒ်လေးကို ထုတ်ပြပါရစေ…။
” မြနဲ့မောင်နဲ့ အခုမှတွေ့တာ ××× လူပါးမဝခင်တုန်းက ၊ပြောပြတော့ ရယ်စရာပါ ××× ထဘီလေး
တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ ××× လူထဲ မဝင်သေးတော့ ××× အလှပြင်ဆင်ချာ၊ မယ်ရင် ကုန်ကုန်ပြောမယ် ××× တောသက်သက်မို့ ဘယက် ဒွာရရာ၊ ရွှံ့တွေ ကပ်စီကပ်စီ ××× ပုတီးလုပ်ကာ ဆွဲရပါတယ် ၊ အုန်းမှုတ်ပဲ့ကို ရှာရှာ ×××
ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ ၊ ကိုကိုတို့က မြှောက်စားပေမယ့် ××× အရင်တုန်းကလို
မပျော်ပါ။ မောင်မောင်တို့ကမြှောက်စားပေမယ့် ××× အရင်တုန်းကလောက် မပျော်ပါ။ ကျွန်မတို့ရွာကို
ပို့ပါ ပို့ပါ ××× လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ။ တယောဘယ်လို တောတော ××× အဆန်းဘယ်လို
ပေါပေါ ၊ နားဝင်ချိုအောင် ဘယ်လိုပြောပြော ××× သဘောမကျနိုင်ဘူး အစ်ကို၊ ရွှေပြည်စိုး…၊ရွှေပြည်စိုး…၊ ရွှေပြည်စိုး ××× လွမ်းပိုဖွယ်ရာ…”တဲ့။

လေဘာတီမမြရင်ရယ်လို့ မြန်မာတစ်ပြည်လုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေချိန် ရွှေဒင်္ဂါးတစ်ပြား ၁၃ ကျပ်ပဲ ပေးရတဲ့ခေတ်မှာ မမြရင်က အငြိမ့်တစ်ပွဲ ၄၅ ကျပ်ရသတဲ့။ ရွှေဆိုင်တန်းမှာများ နေ့ပွဲ ကထိန် ကရရင် ရွှေသည် ငွေသည်တွေသာမက မင်းစိုးရာဇာ ကတော်တွေကတောင် မမြရင် ဝတ်တာစားတာ ငေးကြရသတဲ့။ စိန်အစစ် တဆင်စာ၊ ပတ္တမြားအစစ် တစ်ဆင်စာ စသည်ဖြင့် ရတနာအစစ်တွေချည်း ဝတ်ဆင်နိုင်တာကိုး။ ဒါပေမယ့် အဲဒီ ပြည့်စုံကျော်ကြားတဲ့ ဘဝကို မမြရင် မမက်မောပါဘူး။ရွှေလှောင်ချိုင့်ထဲက ငှက်ကလေးလို ကျဉ်းကျပ်လှပါသတဲ့။ သူပျော်မွေ့မက်မောတာက ငယ်ရွယ်စဉ်ကလေးဘ၀ ဇာတိ ရွှေဖလားကန်ရွာက အိမ်ဘေး၊ ချောင်းရေစပ် ရွှံ့ထဲမှာကြွေကျနေတဲ့ အုန်းသီးတွေက အုန်းမှုတ်ပဲ့တွေယူ၊ အပ်ချည်ကြိုးနဲ့သီပြီး ဒိုလာပြားပုံစံ လည်မှာဆွဲ…။ချောင်းစပ်က ရွှံ့တွေခူးပြီး ပုတီးလုပ်ကာ ဆွဲပြီး သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပြေးလွှားကစားရတဲ့ ဘဝကိုပဲ မက်မောပျော်ရွှင်ပါသတဲ့။

‘ဒိုလာ’ဆိုတာက အဲဒီကာလ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေကလာတဲ့ ‘Dola’ဆိုတဲ့ ရွှေဒင်္ဂါးပြားတွေကိုဝယ်ပြီး အညှောက်တပ်ကာ လည်မှာဆွဲကြတဲ့ခေတ်ကိုး…။ ဒီတော့ ရွာက ကလေးတွေကလည်း အုန်းမှုတ်ခွက်ကို ဖဲ့၊ အပေါက်ဖောက် ‘Dola’ပြားလို ဆွဲကြတာလေ။ မြန်မာနှုတ်နဲ့ ‘Dola’က ‘ဒိုလာ’ဖြစ်ရတာပါပဲ။

××××× ×××××

၁၉၄၅ခု၊ ဒီဇင်ဘာလ ၂၉ရက် (၁၃၀၇ခု၊ နတ်တော်လဆုတ် ၁၀ရက်၊ စနေနေ့)မှာ “အထက်ဗမာနိုင်ငံ၊ ကိုယ်လက်ကျန်းမာရေး အသင်းကြီး၏ ကာယဗလပြပွဲ” ကို မန္တလေးမြို့လယ် ၈၂လမ်းနှင့် ၈၃လမ်းကြား၊ ၃၁လမ်းနှင့် ၃၁လမ်းကြားက နေသူရိန်ဇာတ်ရုံကြီးမှာ ကျင်းပခဲ့တယ်။ မန္တလေးထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အကနဲ့၊ ကဇာတ်နဲ့ပြဇာတ်နဲ့ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ ဦးစီးပြီး မြို့မတီးဝိုင်းနဲ့ပါပဲ။ တီးဝိုင်းနားမည်ကိုတော့ “ကရဝိက်(သ)မူးဆစ်” နဲ့ “ညှင်းတွဲ့တွဲ့” တီးဝိုင်းလို့ တစ်ပိုင်းစီမှာ နာမည်ပေးခဲ့တယ်။

ပထမပိုင်း အစီအစဉ်ရဲ့ ပဏာမအဖြစ် “အိုလံပစ်” ဆိုတဲ့သီချင်းကို တီးမှုတ်တယ်။ အမျိုးသားများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် မြို့မငြိမ်းက ရည်ရွယ်စပ်ဆိုတာပါ။ အဲဒီအချိန် ဇေယျာမောင်၊ ရွှေမန်းမောင်ဘွဲ့ရတဲ့ စစ်ကိုင်းသား ကိုလှမောင်(ရုပ်ရှင်မင်းသားဇယျ)တို့ ကိုဘသိန်းတို့ ဦးဆောင်ပြီး ကာယဗလမောင်များ ပါဝင်တဲ့ သရုပ်ပြမှုပါ။

“အိုလံပစ်” သီချင်းက မြန်မာလေးကင်းနဲ့ ဗိန်းမောင်းသံတွေကြားရသူတိုင်း ကြက်သီးမွှေးညှင်း ထစရာပေါ့။ ဒီကနေ့အထိ သီဆိုကြဆို သီချင်းပါပဲ။ နောက်အစီအစဉ်မှာ အခုထိ ထင်ရှားကျော်ကြားနေတဲ့ “ယဉ်တစ်ကိုယ်မယ်”သီချင်းကို ဆရာမြို့မငြိမ်းက
ရေးစပ်ပေးခဲ့တယ်။

““သန်မာထွားကျိုင်းပြီး ကမ္ဘာသူ အလယ်လျှောက်သွားမယ် အလွန်တင့်တယ်…” ဆိုတဲ့သီချင်းပါ။ ဒီ သီချင်းနဲ့အတူ ကိုယ်ဟန်ပြတာက ရွှေမန်းမယ် မတင်လှ တဲ့။ မတင်လှဆိုတာ အမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြိး ဦးဘခင်ရဲ့ သမီးပါ။ပေတိုင်းမှူးကြိး ဒေါ်တင်လှအဖြစ် ထင်ရှားခဲ့ပါတယ်။ သီချင်းရဲ့ ဒုတိယပိုဒ်မှာ အလွန်ခေတ်မီလှတဲ့ ဆရာမြို့မငြိမ်းရဲ့ စကားလုံး ကပ်သီးကပ်သပ်တွေကို တွေ့ရသေးတယ်။

““ယဉ်မူနောင်းနွဲ့နွဲ့၊ ယဉ်တစ်ကိုယ်မယ်၊ ဟိုခတ်ဝယ်၊ ယဉ်ကျေးတယ်၊ နူးညံ့ပျော့ပြောင်းသွယ်၊ ထွာဆိုင်လေးသစ် ငယ်၊ လူဗိုလ်ပုံလယ်၊ ထိုခါးကို၊လေတိုးရင်၊ ကျိုးမှာလွန်စိုးတယ်…”တဲ့။ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်မီအလှနဲ့ပတ်သက်ပြီး ခေတ်မီစွာ စပ်ဆိုခဲ့တာပါ။

“ထွာဆိုင်” ဆိုတာ စံမီမြန်မာ့ အတိုင်းအထွာအရ ၁၈လက်မရှိရပါတယ်။ လက်လေးသစ်က ၄ လက်မပါ။ ဒီတော့ “ထွာဆိုင်လေးသစ်”ဟာ ၁၈+၄=၂၂ လက်မပါပဲ။ ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးတစ်ယောက် ရဲ့အတိုင်းအထွာဟာ ၃၆၊ ၂၂၊ ၃၇ … ဆိုတဲ့ အချိုးတဲ့ ကိုက်ညီစေတာပါပဲ။
××××× ×××××

လွန်ခဲ့တဲ့ ၉နှစ်၊ ၂၀၁၃ခုနှစ် ဇွန်လ ၈ ရက်နေ့က မန္တလေးမြို့တော်ခန်းမ ၁ မှာ ဂန္တဝင်အဆိုတော်ကြီး မာမာအေး ရဲ့ ဂီတပွဲ အစီအစဉ်တစ်ခုကို မြို့မတူရိယာအသင်းနဲ့ တွဲဖက် ကျင်းပတယ်။ အစ်မကြီး မာမာအေးကို လာရောက် ဂါရဝပြုသီဆိုကြတဲ့ သူ့တပည့် အဆိုတော်များနှင့် ပတ်သက်ပြီး၊ အစ်မကြီး မာမာအေးက တစ်ယောက် သီဆိုပြီးတိုင်း သုံးသပ်ပြတဲ့ အချက်အလက်တွေဟာ အလွန်မှတ်သားထိုက်ပါတယ်။ သီချင်းသီဆိုတယ် ဆိုရာမှာ စာသားမှန်ကန် ပီပြင်မှု၊ စာသားမှန်ကန် ပီပြင်မှသာ ဒီစာသားရဲ့အဓိပ္ပာယ်ကို သီဆိုသူကိုယ်တိုင် ခံစားနိုင်မှာဖြစ်ကြောင်း။ ဒါမှသာ သီဆိုမှုဟာ နူတ်ဖျားကမဟုတ်ဘဲ ရင်ထဲကပါဝင်အောင် သီဆိုရန် လိုအပ်ကြောင်းတွေကို ရှင်းပြပါတယ်။ သက်ဆိုင်ရာ သီချင်းစာသားကို မှန်မှန်ကန်ကန်နဲ့ အဓိပ္ပာယ်ပေါ်အောင် ခံစားသီဆိုနိုင်မှုတွေရဲ့ အရေးကြီးပုံကို အစ်မကြီးက ရှင်းပြသွားတာပါ။ ဒါကြောင့် သီချင်းတစ်ပုဒ်ကောင်းဖို့ဆိုရင် မူလသီချင်းရေးဆရာ ရေးခဲ့တဲ့ သီချင်းရဲ့စာသားအမှန်ကို သိထားဖို့က အခြေခံပါပဲ။ စာသားအမှန်သိမှ ဒီစာသားရဲ့အဓိပ္ပာယ်အမှန်က တဆင့် ခံစားသီဆိုနိုင်မှာပေါ့။

××××× ×××××

ဒီကနေ့ ရှေးက ဂန္ထဝင်တေးရေးဆရာကြီးများရေးဖွဲ့ခဲ့တဲ့ သီချင်းများကို ပြန်လည်သီဆိုကြရင် စာသားအမှန်သိဖို့ အထူးလိုအပ်လှပါတယ်။ ဒါကြောင့် နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေပြည်စိုးသီချင်း သီဆိုရင် “လူထဲ မဝင်ခင်သေးတော့ အလှအပြင်အဆင်မှာ” လို့ မဆိုကြပါနဲ့၊ “လူထဲ မဝင်သေးတော့ ××× အလှပြင်ဆင်ချာ” လို့ ဆိုကြပါ။ “အုန်းမှုတ်ခွက်ကို ရှာရှာ” လို့ မဆိုကြပါနဲ့၊ “အုန်းမှုတ်ပဲ့ကို ရှာရှာ” လို့ ဆိုကြပါ။ “ဒေါ်လာပြားကြီး ဆယ့်ငါးပြားလောက်”လို့ မဆိုကြပါနဲ့၊ “ဒိုလာပြားကြီး ဆယ့်ငါးပြားလောက်” လို့ ဆိုကြပါ။

ဆရာမြို့မငြိမ်းရဲ့ ယဉ်တကိုယ်မယ် သီချင်းကို ပြန်လည်သီဆိုကြရင်လည်း “ထွာဆိုင်လေး သေးငယ်” လို့ မဆိုကြပါနဲ့၊ “ထွာဆိုင်လေးသစ်ငယ်” လို့ သီဆိုကြပါ။ ဒါမှ..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW