မူဆယ်နယ်စပ်က သွင်းကုန်စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ခက်ခဲမှုတွေရှိနေ

မတ် ၂၃-၂၀၂၃
Shy V(VOM)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်နယ်စပ်က သွင်းကုန်‌တွေကို လတ်တလော စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကြန့်ကြာခက်ခဲနေတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ဒုက္ခ ရောက်လွန်းလို့ပါ။ အပြည့်ဆောင်ပြန်တော့လည်း ဖမ်းတယ်။ Brand name လွဲလို့တဲ့။ မြန်မာတနိုင်ငံလုံးသိတယ်။ တရုတ်ထုတ်ကုန်တွေ Brandတွေ မှိုလို ပေါက်နေတာပဲ။ နာမည်မရှိတဲ့ Brand တွေဆိုလဲ လိုင်စင်က မရ။ ရှိတဲ့ဟာနဲ့ ဆောင်ပြန်တော့လည်း ဖမ်း။”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။

ဂျူတီဆောင်ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က လွှတ်လိုက်တာ ဖြစ်ပေမယ့် ရေပူဂိတ် နဲ့ ၁၆ မိုင်ဂိတ် မှာ ပြန်ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ကုန်သည် ၁ ဦး ကလည်း “၁၀၅ မိုင်မှာ ဒါက instruments တွေ ရတယ်ဆိုပြီး ပေးလိုက်တယ်။ ရေပူရောက်တော့ ဒါ instruments မဟုတ်ဘူး။ machine (စက်ပစ္စည်းတွေ)ဆိုပြီး ပြန်ဖမ်းလိုက်တယ်။ ဒီက လွှတ်ပေးလည်း ဟိုက မလွှတ်ဘူး”လို့ ပြောပါတယ်။

ဖမ်းမိတဲ့ ပစ္စည်းကိုတော့ အနည်းဆုံး ဒဏ်ငွေနဲ့ ပြန်ရွေးရ‌တယ်လို့ သူက ထပ်ပြောပါတယ်။

ရေပူဂိတ် နဲ့ ၁၆ မိုင်ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်နေလို့ ကုန်အစုံ တင်တဲ့ ကားတွေကတော့ စားရင်းတွေ ရှုပ်ပြီး ကြန့်ကြာနေတာကြောင့် မတင်ချင်ကြဘူးလို့ ကုန်တင်ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။

“တချို့လည်း တင်ထားတဲ့ကုန် ပြန်ချပြီး ခါလီ ထွက်တယ်။ကုန်စုံတွေက အမျိုးအစား များတာကြောင့် ၁၅ မျိုးကို ၁၀ မျိုးခန့် ဆောင်တာမျိုးတွေရှိပြီး ဂျူတီ မဆောင်တဲ့ ပစ္စည်း ၁ မျိုးကို ၁၀ သိန်း ဒဏ်ကြေးပြန်ဆောင်ရတော့ ကားသမားတွေ သိပ်မတင်ချင်ကြဘူး”လို့ သူက ရှင်းပြပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ အရင်ကထက် ကုန်တင်ကားတွေ ထက်ဝက်ကျော်ခန့်အထိ နည်းပါးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

တနိုင်တပိုင် လုပ်ငန်းရှင်တွေကတော့ ၁ ဦးကို ပစ္စည်းတမျိုးစီ စုပေါင်းပြီး ကားတစီးငှားကာ တင်ရတာဖြစ်တာကြောင့် တနိုင်တပိုင်တွေအနေနဲ့ ဖမ်းခံရရင် ဘဝပျက်ရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

လက်ရှိမှာတော့ တရားမဝင် ကုန်စည်တိုက်ဖျက်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေတာရှိပြီး ပို့ကုန်ကို ဦးစားပေး မူဝါဒ ဖြစ်နေတယ်လို့ နယ်စပ်ကုန်သည် ၁ ဦးကလည်း ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက်နဲ့ ကုန်သွယ်မှုတွေဟာ အရင်က နယ်စပ်ကုန်သွယ်မှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိခဲ့ပေမယ့် လတ်တလောမှာတော့ အရင်ကထက် ကားအသွားအလာ ပါးနေတယ်လို့ ကုန်သည်ကားသမားတွေဆီက သိရပါတယ်။

Photo Crd-Thh
#voiceofmyanmar #VOM #မူဆယ်နယ်စပ် #သွင်းကုန်စစ်ဆေးရေးခက်ခဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW