မြန်မာက လေယာဥ်ဆီတင်သွင်းမှုနဲ့ပတ်သက်ပြီး အဖွဲ့အစည်း ၆ခုနဲ့ လုပ်ငန်းရှင်လင်မယားကို အမေရိကန်က ဒဏ်ခတ်အရေးယူပိတ်ဆို့

မတ် ၂၄ – ၂၀၂၃
GG(VOM)

မြန်မာ စစ်တပ်ကို လေယာဥ်ဆီ တင်သွင်းပေးနေတဲ့ သူ ၂ယောက်နဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်နိုင်ငံ ဘဏ္ဍာ​ရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်မံပြုလုပ်လိုက်တယ်လို့ မနေ့ မတ်လ ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူကတွေကတော့ လေယာဥ်ဆီတင်သွင်းနေတဲ့ ဦးထွန်းမင်းလတ် နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ပြီး ဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ ၊ဒါမှမဟုတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ Star Sapphire Group of Companies၊ Star Sapphire Trading Company Limitedနဲ့ Star Sapphire Group Pte. Limited ကိုပါ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။

နောက်ပြီး လေယာဉ်ဆီ တင်သွင်းနိုင်အောင် ကူညီပေးနေတဲ့ Asia Sun Group၊ Asia Sun Trading Co. Ltd.နဲ့ Cargo Link Petroleum Logistics Co. Ltd ၃ခုကို လည်း အရေးယူ ပိတ်ဆို့မှုတွေ လုပ်တာဖြစ်တယ်လို့သိရပါတယ်။

“ကမ္ဘာနဲ့ချီ အရောင်းအ၀ယ်လုပ်တဲ့ မှောင်ခိုလက်ကြီးသမားများဟာ ဘယ်နေရာမှာပြဿနာတက်နေသလဲ၊ ဘယ်နိုင်ငံမှာ ဆန်ရှင် ရှိနေသလဲ၊ ကုန် သွယ်မူ အဟန့်အတားရှိနေသလဲ ဒီလိုရှိတဲ့နေရာတွေကို လိုက်စုံစမ်းပြီး စျေးကွက် ရှာနေကြတာ ဆယ်စုနှစ်နဲ့ချီနေပြီ။ မှောင်ခိုသမားတွေက ဘယ်လို ရောင်းရမလဲ ဘယ်လို သယ်ရမလဲ ရလာတဲ့ငွေမည်းတွေကို ဘယ်လို ဖွက်ရမလဲ စျေးကွက်က ရှိပြိးသားပါ။ စျေးကွက်မှာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ရှိနေသရွေ့ လိုက်တားဆီးနေတာဟာ မှောင်ခိုစျေးကွက် ဖွံဖြိုးမူကို တွန်းအားပေးတာပဲ အဖတ်တင်တယ်။ မှောင်ခိုကြောင့် စျေးနူန်းတွေ မဟားတရား ထိုးတက်တော့ နောက်ဆုံး ခံရတာက end user တွေ အများ ပြည်သူပါဘဲ။ နောက်ဆုံးMedium Men တွေက ချမ်းသာ ကုန်ကြရော။ ၀ယ်တဲ့လူရှိရင် ရောင်းတဲ့သူရှိမှာပဲ ဒါကို စျေးကွက်လို့ ခေါ်တာ။ “လို့ သန်းစိုး (ဘောဂဗေဒ) ကသုံးသပ်ပြောဆိုပါတယ်။

နောက်ပြီး မှောင်ခိုကြောင့် စျေးနူန်းတွေတက်ခြင်း၊ အဂတိ လာဒ်ပေးလာဒ်ယူများလာခြင်း၊ transnational cost များလာတာ​တွေ ဖြစ်လာနိုင်တယ်လို့သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ခုလိုအရေးယူပိတ်ဆို့မှုတွေလုပ်တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့​အတွက် ဖြစ်တယ်လို့ ထုတ်ပြန်မှုမှာပြောထားချက်အရ သိရပါတယ်။

မြန်မာစစ်တပ်ကို လေယာဥ်ဆီ တင်ပို့နေတဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ မတ်လ၁ရက်နေ့မှာ Amnesty International ၊ Global Witnessနဲ့ Burma Campaign UK တို့က အစီရင်ခံစာတစောင်ထုတ်ပြီး တောင်းဆိုထားမှုအပြီးမှာပဲ အမေရိကန်က အခုလိုဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ အရင်ကလည်း မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေ၊ စစ်တပ်ကအရာရှိတွေကို အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ထားပါတယ်။

#voiceofmyanmar #VOM #လေယာဥ်ဆီတင်သွင်မှု #အမေရိကန် #အရေးယူပိတ်ဆို့မှု

Related posts

Leave a Comment

VOM News

FREE
VIEW