ထိုင်းမှာ မြန်မာလုပ်သား အမျိုးသမီး(၉)ဦးအပါအဝင် (၂၃)ဦးဖမ်းဆီးခံရ

ဧပြီ၊၂၀-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က အမြန်လမ်းတနေရာမှာအမျိုးသမီး(၉)ယောက်အပါအဝင် မြန်မာနိုင်ငံသား (၂၃)ယောက်ဟာ မနေ့ ဧပြီ(၁၉)ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံသား အလုပ်သမား(၂၃)ယောက်ကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မနေ့မနက်(၉)နာရီကျော်ခန့်မှာ ကုန်ပစ္စည်း မပါတဲ့ ပစ်ကပ်ကား(၂)စီးကိုတွေ့ ရှိတာကြောင့် အချက်ပြ ရပ်တန့်စစ်ဆေးတဲ့ချိန် မြန်မာလုပ်သားအမျိုးသမီး(၉)ယောက်နဲ့အမျိုးသား(၁၄)ယောက်ကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသား(၂၄)ယောက်ကို ပစ်ကပ်ကားနဲ့ ခေါ်လာသူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့သိရပြီး ဖမ်းမိမြန်မာနိုင်ငံသားတွေကို စစ်ဆေးတဲ့အခါ နိုင်ငံကူးလက်မှတ်နဲ့ ခိုင်လုံတဲ့ ခရီးသွား အထောက်အထားတွေ တစုံတရာ ပြသနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

”စုံစမ်းသိရှိရသလောက်တော့ နိုင်ငံခြားသားအလုပ် သမားတွေ တရားမဝင် ဝင်ရောက်လာမှုကို တားဆီး နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့တွေက လမ်းပေါ်မှာစစ်ဆေးနေရင်း ဖမ်းမိခဲ့တာတဲ့ ၊ ပစ်ကပ်ကား ၂ စီးနဲ့ဝင်ရောက်လာတာ၊စုစုပေါင်း ၂၃ ယောက်ကိုဖမ်းဆီးရမိခဲ့တာ၊ ဖမ်းမိတဲ့ မြန်မာလုပ်သားတွေက ခိုင်လုံတဲ့ ခရီးသွားအထောက်အထားတွေ လုံးဝ မပြနိုင်ဘူးတဲ့ ၊ ဒါ့ကြောင့်အဖမ်းခံရတာပါ။”လို့ မြန်မာလုပ်သားတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံသားတွေကို ပထုန်ဌာနီခရိုင်ကို ပို့ဆောင်ပေးဖို့အတွက်ဆိုကာ တာခ့်ခရိုင်က တဆင့် တင်ဆောင်လာခဲ့ပြီး အလုပ်သမား(၁)ယောက်ကို ထိုင်း ဘတ် ၁၀၀၀ နှုန်းနဲ့ ပွဲစားတဦးက ငှားရမ်းခဲ့တာလို့ ကားသမားတွေကို ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါ ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကားသမားတွေနဲ့ ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်မှုကြောင့် အခု ဧပြီလအတွင်း မြန်မာနိုင်ငံသား အယောက် ၂၃၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အခုဖမ်းခံရတဲ့ မြန်မာနိုင်ငံသား (၂၃) ယောက်ဟာသင်္ကြန်အပြီး ပထမဆုံးအဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား(၁၂)ယောက်ကို ပြီးခဲ့တဲ့ မတ်လ (၂၀)ရက်ကလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ဒါ့အပြင် မတ်လ(၁၆)ရက်ကလည်း ကန်ချနဘူရီခရိုင်အတွင်း အလုံပိတ်ကား(၁)စီးပေါ်မှာ မြန်မာနိုင်ငံသား (၃၃)ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့လည်းသိရပါတယ်။

မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သား(၂၇) ယောက်ကိုလည်း ထိုင်းနိုင်ငံ ပရကျွပ်မြို့နယ်ထိုင်း-မြန်မာ စင်ခွန် -မောတောင်နယ်စပ်ဂိတ်မှာပြီးခဲ့တဲ့ မတ်လ (၁၅)ရက်က ဖမ်းဆီးတာ ခံလိုက်ရသေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာနိုင်ငံသား #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW