ခင်ဦးမြို့နယ် ကံသစ်ကျေးရွာမှာ လူနေအိမ် တစ်ရာကျော် မီးရှို့ခံရ

မေ ၂၁ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာမှာ မနေ့ မေ ၂၀ ရက်က လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ရွာမှာက ၁၉ ရက်ကတည်းက လူမရှိတော့ဘူး ၊ စစ်ကြောင်းလာမယ်ကြားရလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ၊ ရွာမှာ လူမရှိတဲ့အချိန် မီးရှို့ခံရတာဖြစ်တယ် ၊ ၁၉ ရက်နဲ့ မနေ့ မေ ၂၀ ရက်တွေက ၂ ရက်ဆက်တိုက် ရှို့ခံ လိုက်ရတာဖြစ်တယ် ၊ အိမ်ခြေ ၁၇၀ ကျော် လောင်သွားတယ်လို့ သိရတယ် ၊ ရွာပြန်ရောက်မှ အခြေအနေ အသေးစိပ် သိရမှာ “လို့ ကံသစ်ရွာခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ကံသစ်ကျေးရွာက လူနေအိမ်တွေကို ဘယ်အဖွဲ့စည်းက မီးဝင်ရှို့တယ်ဆိုတာ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာမှာ လူနေအိမ်ခြေ ၅၀၀ ခန့်ရှိပြီး ​ရွာနားဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏဖြစ်ပွားတတ်တဲ့အတွက် ရွာမှာရှိတဲ့ အိမ်ထောင်စု မိသားစု ထက်ဝက်ကျော်ဟာ ရွာမှာ နေထိုင်ခြင်း မရှိတော့ဘဲ ဘေးလွတ်ရာကို ပြီးခဲ့တဲ့ နှစ်ကစလို့ ရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်းထဲက မီးလောင်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမားတွေက မှတ်တမ်းပြုစုထားတာနဲ့ ပတ်သက်လို့

“ရေဦးမြို့နယ်မှာ ၊ တင်းတိန်ရံ စျေးကြီး အပါအဝင် အဆောက်အဦပေါင်း ၁၃၄၆ လုံး ၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၂၈၆၂ လုံး ၊ ဝက်လက်မြို့နယ်မှာ ၁၂၅၅ လုံး ၊ ရွှေဘိုမြို့နယ်မှာ ၃၅၂ လုံး ၊ ကန့်ဘလူမြို့နယ်မှာ ၁၂၆၀ လုံး ၊ ခင်ဦးမြို့နယ်မှာ ၂၁၄၁ လုံး ၊ မြင်းမူမြို့နယ်မှာ ၈၁၇ လုံး ၊ အရာတော်မြို့နယ်မှာ ၉၁၈ လုံး ၊ ပုလဲမြို့နယ်မှာ ၄၆၂ လုံး ၊ မြောင်မြို့နယ်မှာ ၅၁၄ လုံး ၊ ချောင်းဦးမြို့နယ်မှာ ၆၁၈ လုံး ၊ ထီးချိုင့်မြို့နယ်မှာ ၇၁၃ လုံး ၊ အင်းတော်မြို့နယ်မှာ ၂၁၉ လုံး ၊ ကသာမြို့နယ်မှာ ၁၄၄ လုံး ၊ ကလေးမြို့နယ်မှာ ၇၆၂ လုံး ၊ မော်လိုက်မြို့နယ်မှာ ၅၂ လုံး ၊ မုံရွာမြို့နယ်မှာ ၈၉ လုံး ၊ ကနီမြို့နယ်မှာ ၂၁၆ လုံး ၊ မင်းကင်းမြို့နယ်မှာ ၄၁၉ လုံး ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၅၂ လုံး ၊ ဗန်းမောက်မြို့နယ်မှာ ၁၆၆ လုံး ၊ ဆားလင်းကြီးမြို့နယ်မှာက ၄၉၆ လုံး ၊ မြို့နယ် ၂၂ မြို့နယ်မှာ ၊ လူနေအိမ် ၂၂၆၂၀ လုံး မီးလောင်ပျက်စီးခဲ့တယ် ၊ အဲ့ဒါ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းဖြစ်တယ် ၊ မြေပြင်အခြေအနေနဲ့ဆို အနည်းငယ် ကွာဟမှုရှိနိုင်ပြီး ၊ မြေပြင်မှာက ဒီဖြစ်စဥ်တွေထက် ပိုနိုင်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေကြောင့် မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု ၂၅၀၀၀ အထက်မှာ ရှိပြီး မီးဘေးသင့် လူဦရေ အရေအတွက်ဟာ တစ်သိန်းနီးပါးရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#VOM #voiceofmyanmar #ခင်ဦး #ရွာမီးရှို့ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW