တိုက်ကြီးမြို့က အလှမွေးငါးတွေသေဆုံးမှု ရောဂါ/အဆိပ်ကြောင့်မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တယ်လို့ သိရ

မေ ၂၅ – ၂၀၂၃
SN (VOM)

တိုက်ကြီးမြို့က အလှမွေးငါးအများအပြား သေဆုံးခဲ့တဲ့ ရေကန်က ငါးနမူနာကို မြို့နယ်အစီအစဉ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ရောဂါရှာဖွေရေးဌာနစုကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါ/အဆိပ်ကြောင့် မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်မှာ အဆိပ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ငါးတွေရဲ့ ငါးနမူနာနဲ့ ရေနမူနာ အရည်အသွေးကို သက်ဆိုင်ရာဌာနတွေဆီ ပေးပို့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရေနမူနာ အရည်အသွေးကိုတော့ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုကို ပေးပို့ စစ်ဆေးခဲ့တာဖြစ်ပြီး ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းပေမယ့် ငါးတွေ သေဆုံးနိုင်တဲ့အထိ အခြေအနေမျိုး မဟုတ်ဘူးလို့ သိရပေမယ့် ငါးနမူနာကို စစ်ဆေးရာမှာတော့ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်တယ်လို့ အဖြေရရှိခဲ့ပါတယ်။

“အဓိက က ရေထုကြမ်းပြင်က အပင်နဲ့ ပိုးမွှားတွေရဲ့ ညဘက် အောက်စီဂျင်စုတ်ယူမှုကြောင့် ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတာလို့ သိရပါတယ်။ အောက်ဆီဂျင်ကျတဲ့ တခြားအကြောင်းတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတဲ့အခါ ငါးတွေ အုပ်စုလိုက်သေနိုင်တယ်၊ မျက်လုံးပြူးမယ်၊ မသေခင် ရေအရောင်ပြောင်းတတ်တယ်လို့ သိရပါတယ်”လို့ တိုက်ကြီးမြို့၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ဟာ တိုက်ကြီးမြို့ရဲ့ မီးသတ်ရေကန်ဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ မင်္ဂလာနာရေးကူညီမှုအသင်းက ရွှေငါးကြင်း အကောင်ရေ ၂ သိန်းခန့် မွေးမြူထားတဲ့ ဘေးမဲ့ငါးကန်တစ်ခုလည်း ဖြစ်ပါတယ်။

မေ ၂၂ ရက် မနက်ခင်းအချိန် ငါးစာကျွေးရာမှာ ငါးတွေ ရေပေါ်တက်မလာတဲ့အတွက် ကန်တွင်းဆင်းကြည့်ခဲ့ရာကနေ ငါးတွေသေဆုံးနေတာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။

“ငါးရာဇဝင်ပြောရရင် ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ စတင်မွေးခဲ့ကြတာပါ။ အကောင်သေးစဥ်တုန်းက ဗျိုင်းဆွဲ၊ တခြားငါးကြီးတွေဆွဲနဲ့ (၃) နှစ်သက်တမ်းမှာ ကောင်ရေ ငါးသောင်းနီးပါးရှိခဲ့ပါတယ်။ ငါးစာတစ်မျိုးတည်း ကျွေးတာပါ။ ပေါင်မုန့်တောင် ကျွေးခွင့်ပိတ်ထားတာပါ။ ငါးစာကျွေးရင် ကျွေးသလောက်စားတယ်။ ၂၀ ပိသာဝင် (၃) အိတ်အထိ ကျွေးလို့ရတယ်။ (၅) အိတ်လောက်ဆို ဗိုက်ကားပြီး သေကြတာလည်းရှိတာမို့ ပိုမကျွေးပါဘူး။ မနှစ်ကဒီအချိန် ကောင်ရေ (၃၀၀) ကျော် သေလို့ ဒီနှစ်တော့ အဖြစ်မခံဘဲ မီးသတ်ကားတွေ ရေဖြည့်ပြီးတိုင်း စက်ရေတွင်းနဲ့ ရေပြန်ဖြည့်ပေးပြီး ရေ level ထိမ်းခဲ့ပါတယ်။ ဒီလိုဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာကလည်း မီးသတ်ကန်မို့ အရေးအကြောင်း ရေမပေးနိုင်ရင် အပြောခံရမှာမို့ သက်တမ်း (၇) နှစ်မှာ တစ်ခါမှ ရေမလှယ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ငါးပညာပိုင်း လုံးဝလုံးဝကို မရှိတာပါ။ ကံတရားကောင်းလို့သာ ဒီလောက်ဖြစ်လာတာပါ။ သဘာဝတရား အံ့ဩဖို့ကောင်းတာ ယုံကြည်ရမှာပါ။ ဒီလိုဖြစ်အောင် ဘာလို့မွေးတာလဲဆိုပြီး ငါးဆရာကြီးတွေ လာလာမေးကြတယ်။ကျွန်တော်တို့ ဘာပြောရမလဲ၊ မပြောနိုင်ခဲ့ပါဘူး။ ထိန်းသိမ်းစောင့်ရှောက်သူ ကျွန်‌တော်တို့တွေ အသိပညာ အင်မတန်နည်းတာမို့ ဒီလိုဖြစ်သွားတာပါ။ ကျွန်တော်တို့ အားနည်းချက်ကြောင့် ဖြစ်ရပြီး ထုံးစံအတိုင်း ရမ်းသမ်းစွပ်ဆိုမှုတွေဖြစ်ရတာမို့ အားလုံးကိုလည်း တောင်းပန်ပါတယ်”လို့ သူက ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်းက ငါးအားလုံးနီးပါး သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ငါးတွေ များပြားလွန်းတာကြောင့် မြို့နယ်သုဿန်အတွင်း မြေမြုပ်နေရာမှာ မြို့နယ်စည်ပင် အကူအညီနဲ့ မြေတူးစက်နဲ့တူးကာ မြေမြုပ်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #ရန်ကုန် #တိုက်ကြီး #ငါးသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW