မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ နေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော် ပျက်စီး

မေ၊ ၂၅-၂၀၂၃
MM(VOM)

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှု ဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မနေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေ အိမ်(၂၁)လုံးပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းရဲ့အမိုးတွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မနေ့ မနက်အစောကြီး မိုးရွာပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်လန့်သွားတာပဲ၊ အကုန်လုံး နေအိမ် ၂၁ လုံးပျက်စီးသွားတယ် ၊ လူထိခိုက်တာမရှိပါဘူး၊ လူထိခိုက် တာမရှိပေမယ့် ပျက်စီးဆုံးရှုံးတာများတယ်၊ လေပြင်းက တမျိုး မုန်တိုင်းက တမျိုးနဲ့ တပူအပေါ် တပူဆင့်ကုန်ပြီ၊ အိမ်ပြန်ဆောက် စရာလည်းမရှိဘူး ၊ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာ။”လို့ ဒေသခံ လေဘေးသင့်သူတစ်ဦး ကပြောပါတယ်။

မနေ့ ညနေပိုင်းကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် မှာ မိုးရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၂ ရွာက အဆောက်အဦ ၁၆၅ လုံးနဲ့ စာသင်ကျောင်းဆိုင်းဘုတ် ၁ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

”ပျက်စီးတဲ့ အိမ်တွေက အစုံပဲ ၊ အိမ်အလုံးရေကလည်း များတယ်၊တချို့အိမ်တွေဆို လုံးဝပြိုကျကုန်တာ၊ မုန်တိုင်း ထွက်သွားလို့ စိတ်အေးရမယ် ထင်တာ၊ မုန်တိုင်းနီပါးပဲ မနေ့က တိုက်တဲ့လေက ၊ အခုနှစ်က ရာသီဥတုက ဘယ်လိုလည်း မသိဘူး ၊မိုးရွာပြီဆို လေကပါလာတာ ၊ဒေသက လေဘေးသင့်သူတွေ လတ်တလော စားဖို့အပြင် နေစရာပါ အခက်အခဲရှိနေတယ်၊ သက်ဆိုင်ရာက စာရင်းတွေ ကောက်နေတာတော့ တွေ့တာပဲ။”လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ လေပြင်းဒဏ်ကြောင့် ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ သစ်ပင်လဲကျခြင်းနဲ့ လူနေအိမ်တွေ အမိုးလန်ပျက်စီးခြင်း ၊ပြိုကျခြင်းတွေ ဖြစ်ပွားခဲ့ပေမယ့် လူတွေထိခိုက်သေဆုံးတာမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ လေဘေးသင့်သူတွေကို ဘုန်းတော်ကြီးကျောင်း ၊ မိသားစု အသိမိတ်ဆွေတွေရဲ့ အိမ်တွေကို ယာယီရွှေ့ပြောင်းပေးတာ ၊ လဲကျ သစ်ပင်တွေခုတ်ထွင် ရှင်းလင်းပေးတာစတဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့၊သဘာဝဘေး ကာကွယ်ရေးအဖွဲ့စတဲ့ ဌာနအဖွဲ့အစည်းတွေက ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဒီနေ့ မေလ ၂၅ ရက် မနက် ပိုင်းထုတ်ပြန်ချက်မှာ ပြည်နယ်နဲ့ တိုင်း အများအပြားတွင် မိုးတိမ်တောင်ဖြစ်ပေါ်နေပြီး အဲ့ဒီ မိုးတိမ်တောင်ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #လေပြင်းတိုက်ခတ်မှု #ပဲခူး #မွန်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW