မကွေးတိုင်း မြောက်ပိုင်းမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ အဆင်မပြေ ဖြစ်နေ

မေ ၊ ၂၅ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း မြောက်ပိုင်းမှာရှိတဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဘက်က မြို့နယ်တွေမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေ ဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ စတင်တာဆိုရင် ဒီကနေ့ဆို ၃ ရက်ရှိပြီ ၊ အခုထိ ကျောင်းအပ်လက်ခံမယ့် ပညာရေးဝန်ထမ်းတွေ ရွာကို ရောက်မလာသေးဘူး ၊ အဲ့ဒါနဲ့မြို့မှာနေတဲ့ ရွာကျောင်းတာဝန်ကျ ၊ ကျောင်းအုပ်ကြီးဆီကို အကြိမ်ကြိမ် ဖုန်းဆက်ကြည့်တယ် ၊ ဖုန်းမကိုင်းဘူး ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုနဲ့ တစ်နှစ်ကုန်သွားရတယ် ၊ကျောင်းမဖွင့်ဖြစ်လို့ ၊ ကလေးတွေ ကျောင်းမထားလိုက်ရဘူး ” လို့ မြိုင်မြို့နယ် ၊ မကျည်းကန်စံပြကျေးရွာမှာနေတဲ့ဒေသခံ ကျောင်းသား မိဘ တယောက်က ပြောပါတယ်။

မြိုင်မြို့နယ်မှာ ရပ်ကွက် / ကျေးရွာအုပ်စု ပေါင်း ၈၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၃၃၀ ရွာ တည်ရှိပြီး ကျေးရွာတိုင်းလိုလို စာသင်ကျောင်းရှိပေမယ့် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိတာကြောင့် ပညာရေး ဝန်ထမ်းတွေက ကျောင်းအပ်လက်ခံတာတွေ အခုထိ မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၂၄ ရက် မနက်ပိုင်းကလည်း မြိုင်မြို့ပေါ်မှာရှိတဲ့ ၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းအပ်နှံရေး လက်ခံနေချိန် ဒရုန်းနဲ့ ဗုံး ၂ လုံးကျဲချလို့ ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေရဲ့ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေဟာ နှောင့်နှေး ​ကျန့်ကြာနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေး ဝန်ထမ်း တယောက်က ” မေ ၁၈ ရက် ညနေပိုင်းက ပခုက္ကူမြို့ကနေ မွန်းမံသင်တန်းဆင်ပြီး ရေစကြိုကို ကား ၃ စီးနဲ့ ပြန်လာတဲ့ ပညာရေးဝန်ထမ်း ၆၀ ကျော်ကို ပခုက္ကူ – ရေစကြို ကားလမ်းမှာ PDF တွေရဲ့ ဖမ်းဆီးခြင်းကို ခံရတယ် ၊ CDM မှာပါဝင်ဖို့ ဖိအားပေး ဟောပြောပြီတော့ ပြန်လွတ်ပေးခဲ့ပေမယ့် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းတွေသိမ်းယူထားလိုက်တယ် ၊ အဲ့ဒီ ပညာရေး ဝန်ထမ်းတွေ အခုဆို သွေးလန့်နေကြတယ် ” လို့ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ Young Force (UG) ပခုက္ကူက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်မှာ ရေးသားထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရေစကြိုမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံးတွေနဲ့ လူနေရပ်ကွက်တွေထဲမှာ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်ဟာ ရပ်ကွက် / ကျေးရွာအုပ်စုပေါင်း ၈၉ အုပ်စုရှိပြီး ၊ ကျေးရွာတိုင်း နီးပါး စာသင်ကျောင်းရှိတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကူးကားကျေးရွာအုပ်စု ၊ ပေါက်ချောင်း ( အလယ်) ကျေးရွာ ၊ ပေါက်ချောင်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ၊ ဒီဇင်ဘာ ၆ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က ကျောင်းအုပ်ဆရာကြီးဖြစ်သူကို အမည်မသိလက်နက်ကိုင်တွေက ကျောင်းဝန်းထဲမှာ ပစ်သတ်ခဲ့ပြီး ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေ ပေါ်ပေါက်ဖူးတာကြောင့် ပေါက်မြို့နယ်ထဲ ပညာရေးဝန်ထမ်းတွေဟာ ၂၀၂၃ / ၂၄ ပညာသင်နှစ်အတွက် တာဝန်ထမ်းဖို့ ဆက်သွယ်မရတာတွေ ရှိတယ်လို့ ပေါက်မြို့နယ် ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့ခရိုင်ထဲက ကျောင်းအပ်နှံရေး အခြေအနေနဲ့ ပတ်သက်လို့ ခရိုင်ပညာရေး ဝန်ထမ်းတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ လထဲမှာ ဂန့်ဂေါ – ကလေးကားလမ်း ၊ ရဲလှကျေးရွာနားမှာ ပညာရေးဝန်ထမ်း တစ်ဦးအပါအဝင် လူ ၆ ယောက် (ရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်တွေ) လိုက်ပါလာတဲ့ ကား ၁ စီးကို လူတွေသတ်ပြီး ကားရောလူပါ မီးရှို့ခံရတယ် ၊ နောက်ပြီး ၂၀၂၂ ၊ သြဂုတ် ၁၉ ရက်က ဂန့်ဂေါမြို့နယ် တောင်ပိုင်း မင်းရွာ အထက်တန်းကျောင်းမှာနေတဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်းနဲ့ ဆရာမ ဒေါ်ယမင်းအေးတို့ ၂ ယောက် ၊ ခေါင်းဖြတ်သတ်ခံရတယ် ၊ အဲ့ဒီဖြစ်စဥ်တွေကြောင့် ပညာရေးဝန်ထမ်းတွေဟာ ဌာနနဲ့ ကင်းကွာကုန်တယ် ၊ တချို့လည်း ပြန်ဆက်သွယ်တယ် ၊ တချို့လည်း အဆက်သွယ် ပြတ်တောက်ကုန်တယ် ၊ အဲ့ဒါကြောင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ ကျန့်ကြာနေရတာ” လို့ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက လာပို့ ၊ မြင်းဇာ ၊ လက်ပံ ၊ ကျွန်းဒက် ၊ ထယ်လော် ၊ မောက် ၊ မောက်လင်း ၊ ကျော်ရွာ ၊ ရွှေတောင် ၊ ဘော့ပြင်း ၊ ကန် ၊ ကန်သာ ၊ ကျွန်းခုံသာ ၊ ရေရှင်မ ၊ မွှေ့လယ် ၊ နှမ်းခါး ၊ တောင်ခင်ရန်း ၊ စတဲ့ ကျေးရွာတွေအပါအဝင် အဲ့ဒီရွာတွေမှာရှိတဲ့ စာသင်းကျောင်း အားလုံး ကျောင်းအပ်လက်ခံတာတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီအပြင် ထီးလင်း ၊ ကျောက်ထု ၊ ဆော စတဲ့မြို့နယ်တွေဘက်မှာလည်း နယ်မြေ အေးချမ်းတည်ငြိမ်မှုတွေ မရှိသေးတာကြောင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၂၃ နဲ့ ၂၄ ရက်အတွင်း ၂၀၂၃ / ၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ်နှံလာသူ ကျောင်းသား ၊ ကျောင်းသူမှာ ၂ ရက်အတွင်း အရေအတွက် ၄ သန်းကျော် (၄၀၇၃၃၆၀) ဦးရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းအပ်နှံရေး #မကွေးတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW