တက္ကစီမောင်းရင်း အိမ်ပြန်လမ်း ပျောက်ခဲ့သူတွေ

SN (VOM)
 
တစ်စထက်တစ်စ လျော့ရဲလာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့မှာ တက္ကစီလုယက်မှုတွေဟာ အခုနှစ် မတ်လလောက်ကစလို့ အရင်ကထက်ပိုပြီး ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။(၂)နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု စတဲ့ ဒုစရိုက်မှုတွေဟာ နေရာအနှံ့ ပေါ်ပေါက်လာနေပါတယ်။
 
မြို့ပေါ်က လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်မောင်းတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ သွားလာနေရတာပါ။
 
ကားကို လုယက်ရုံတင်မကဘဲ လူ့အသက်အန္တရာယ်ကို ရန်ရှာ သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တွေဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်ပွားလာနေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ မလုံခြုံတော့သလို စည်းကမ်းမဲ့ ရမ်းကားသူတွေကြောင့် လူ့အသက်တချို့ဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို တဖြုတ်ဖြုတ် ကြွေလို့ နေပါတယ်။
 
(၂)နှစ်ကျော်ကာလအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ ညအချိန်တွေဆို လူအသွားအလာ မရှိသလောက် နည်းသွားပြီး ညအချိန် စိုးရိမ်မှုတွေနဲ့ တက္ကစီ ပြေးဆွဲနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
 
“ဟိုအရင်တုန်းကဆို ည ၁၁ နာရီ၊ ၁၂ နာရီအထိ လူကမပြတ်ဘူး။ ကြောက်စရာလည်း မလိုဘူး။ အခုကတော့ ၆ နာရီ၊ ၇ နာရီလောက်ဆို လူက ပြတ်သွားပြီ၊ လူသိပ်မရှိတော့ဘူး။ အခုထိတော့ ဘာမှတော့ သိပ်ပြီး ကြောက်လန့်စရာတော့ မကြုံတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် စိုးရိမ်ပူပန်မှု‌တွေကတော့ ရှိတာပေါ့။ ကြောက်ကြောက်နဲ့ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြီးတော့ တက္ကစီဆွဲနေရတာပေါ့” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
 
ရန်ကုန်မြို့မှာ ခရီးသည်ဟန်ဆောင်ပြီး တက္ကစီယာဉ်မောင်းတွေဆီက လုယက်တာ၊ ဓားပြတိုက်တာအပြင် အသက် သေဆုံးသည်အထိပါ ပြုလုပ်လာနေတာကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းစာရှာဖွေနေရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ပျောက်ဆုံးနေတဲ့ တက္ကစီသမားရဲ့ရုပ်အလောင်းကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ရေမြောင်းထဲကနေ အသက်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ မေ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်ကစပြီး အိမ်နဲ့အဆက်အသွယ်ပြတ်နေသူ ဖြစ်ကာ မေ ၂၆ ရက်နေ့၊ မနက် ၇ နာရီခန့်မှာတော့ ဇေကမ္ဘာဝန်းရှိ လုံခြုံရေးတွေက သူ့ရဲ့အလောင်းကို ရေမြောင်းတစ်ခုအတွင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ့လိုပဲ မေ ၃ ရက်ကလည်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီယာဉ်မောင်းတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို မေ ၄ ရက်၊ မနက်ပိုင်းမှာ သန်လျင်မြို့နယ်ရှိ ထမလုံက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ သူနဲ့အတူ ပျောက်ဆုံးနေတဲ့ တက္ကစီကိုလည်း အဲ့ဒီ့နေရာမှာပဲ ဖွက်ထားတာကို ပြန်တွေ့ရတယ်လို့ သိရပါတယ်။ ကားကို လာပြန်ယူတဲ့ လုယက်သူတွေကို ဒေသခံတွေက လိုက်လံ ဖမ်းဆီးခဲ့ပေမယ့်လည်း လွတ်မြောက်သွားခဲ့ပါတယ်။
 
အဲ့ဒီ့လိုပဲ ဧပြီ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်ကလည်း ကမာရွတ်၊ အင်းဝဘဏ်အနီးမှာ အငှားယာဥ်မောင်းတစ်ဦး အသတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီ့ အငှား‌ယာဉ်မောင်းကို အမှတ် (၄) ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်က သူ့ရဲ့ကားပေါ်မှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“အင်းဝဘဏ်ရှေ့မှာ လူသုံးယောက်က တက္ကစီငှားတဲ့ပုံစံနဲ့ လုယက်တာလို့ သိရတယ်။ ယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားတာ”လို့ အဲ့ဒီ့ဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။
 
ဧပြီ ၂၆ ရက်၊ ညပိုင်းကလည်း တောင်ဒဂုံစက်မှုဇုန် (၁) ကနေ ပင်လုံအိမ်ယာကို အမျိုးသား သုံးဦး ကားငှားစီးလာပြီး မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ်ယာအနီး လူပြတ်တဲ့နေရာ အရောက်မှာ အငှားယာဥ်မောင်းကို ဓားနဲ့ဝိုင်းထိုး သတ်ဖြတ်ကာ ယာဥ်ကိုလုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
 
ဧပြီ ၁၂ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ သံလွင်လမ်းနဲ့ ရတနာလမ်းဆုံအနီးရှိ အငှားယာဉ်ပေါ်မှာ အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီအမျိုးသားဟာ ထိုးသွင်းဒဏ်ရာ ငါးချက်ခန့်နဲ့ သေဆုံးနေခြင်းဖြစ်တယ်လို့ အခင်းဖြစ်နေရာကိုရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
 
အဲ့ဒီ့နေ့ (ဧပြီ ၁၂ ရက်)မှာပဲ တက္ကစီယာဉ်မောင်းတစ်ဦး ပျောက်ဆုံးခဲ့ပြီး ဧပြီ ၁၄ ရက်မှာတော့ ပုပ်ပွနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဓားဒဏ်ရာ ၃ ချက်နဲ့ အင်းစိန်ကြို့ကုန်းအနောက် သစ်တောဝန်း ခြုံပုတ်တစ်နေရာမှာ တွေ့ရှိခဲ့ပြန်ပါတယ်။
 
အဲ့ဒီ အငှားယာဉ်မောင်းအမျိုးသားဟာ နှစ်ရက်ခန့် ပျောက်ဆုံးနေခဲ့တာဖြစ်လို့ သူ့ရဲ့ဇနီးဖြစ်သူက လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာမှာလည်း လူပြောများခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
 
မတ်လ ၂၃ ရက်နေ့၊ မနက် ၇ နာရီခန့်ကလည်း ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) လမ်းအတွင်း ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးနေတဲ့ အမျိုးသားဟာ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ညနေပိုင်းကတည်းက စတင် ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
 
ဇန်နဝါရီလ ၅ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်၊ ခထ္ထိလမ်းမှာ အငှားယာဉ်မောင်းတစ်ဦးကို သတ်ပြီး ကားကိုခိုးကာ လက်နောက်ပြန်ကြိုးတုပ်လျက် အနေအထားနဲ့ အလောင်းစွန့်ပစ်သွားမှု ဖြစ်ပွားခဲ့ပါသေးတယ်။
 
အခုလို အငှားယာဉ်မောင်းတွေကို ပစ်မှတ်ထား လုယက်မှုတွေဟာ လက်လှမ်းမီသမျှ ရရှိထားတဲ့ သတင်းအချက်အလက်တွေသာဖြစ်ပြီး သတင်းဖော်ပြခဲ့ခြင်းမရှိတဲ့ လုယက်မှုတွေ ဖြစ်ပွားတာလည်း ရှိနေတယ်လို့ ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းနှင်သူတွေက ပြောပါတယ်။
 
“မေ ၂၈ ရက်နေ့ကလည်း အသိကားသမားတစ်ယောက် ကားလုခံရမလို ဖြစ်သေးတယ်။ ည ၈ နာရီလောက်မှာပေါ့။ မင်္ဂလာဈေးကနေ လူသုံးယောက် ကားငှားတာတဲ့။ ယောင်္ကျား နှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်။ သုံးယောက်စလုံး တတ်တူးတွေနဲ့။ သူတို့ငှားတာက ဟိုလိုလို ဒီလိုလိုနဲ့ တိုင်းရင်းသားကျေးရွာကို ကျော်သွားပြီ။ ဖြစ်တာက ရတနာနှင်းဆီအိမ်ယာနားမှာ ဖြစ်တာ။ အဲ့ဒီနေရာက လူအရမ်းပြတ်တယ်။ သူတို့က ဓားတွေလည်း ပါလာတယ်လို့ ပြောတယ်။ ဖြစ်ဖြစ်ချင်း ကားသမားက ကားကိုစက်သပ်ပြီး ကားသော့ယူ ဆင်းပြေးတာ၊ အဲ့ဒီနားက ဆိုင်တစ်ဆိုင်ကို ဝင်ပြေးသွားလို့ လွတ်သွားတာ။ ကားတော့ ပါမသွားဘူး၊ အသက်အန္တရာယ်ကလည်း လွတ်သွားပေမယ့် ကားပေါ်မှာကျန်ခဲ့တဲ့ ဖုန်း‌တွေဘာတွေတော့ ပါသွားတယ်”လို့ တာမွေမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
 
အရင်နှစ်တွေက အငှားယာဉ်တွေ လုယက်ခံရမှုဟာ ညပိုင်းအချိန်တွေမှာသာ အဖြစ်များခဲ့ပေမယ့် လက်ရှိကာလမှာတော့ နေ့ခင်းဘက်အချိန်တွေမှာပါ လုယက်ခံလာရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။ အခုလို ခေတ်ကြီးထဲမှာ ဝမ်းရေးအတွက် အငှားယာဉ်မောင်းနေရပေမယ့် ကိုယ့်အသက်အန္တရာယ်ကို အမြဲသတိထားနေရတယ်လို့ သူတို့က ပြောပါတယ်။
 
“ကျွန်တော်ဆို လက်တားရင် မလိုက်ရဲတော့ဘူး။ Grab နဲ့ မောင်းတယ်၊ ကီလိုနဲ့မောင်းတယ် ဒါပဲ။ ကားမောင်းရင် အင်တာနက်ကို တမင်ကို ဖွင့်ထားတာ။ ကျွန်တော်ဘယ်သွားနေလဲ လိုင်းပေါ်ကနေ လိုက်ကြည့်လို့ရတယ်။ ဒါပေမယ့် လမ်းမှာဘယ်လောက်ပဲတားတား လက်တားဆို လုံးဝမလိုက်ဘူး။ မနက်ပိုင်း ဈေးဦးမပေါက်သေးရင်တောင် မလိုက်ဘူး။ အဲ့ဒါ အဓိကပဲ။ ဘာမှ ကာစရာမလိုဘူး၊ လက်တားမလိုက်နဲ့ ဒါပဲ။ အသိပဲလိုက် လက်တားဆိုရင်။ အသိတွေ အော်ဒါခေါ်ရင်လိုက်။ ဒီလိုပဲ ရှောင်မောင်းနေရတယ်။ သံဇကာနဲ့ကာထားလည်း သံချွန်နဲ့ထိုးရင် ဘယ်လိုလုပ်မလဲ။ လုပ်ချင်တဲ့ကောင်ကတော့ လုပ်မှာပဲ။ သေနေ့ရှိတဲ့သူက သေမှာပဲ။ အခုက ပျောက်ပြီဆို သေပြီပဲ။ ပျောက်တာနဲ့ သေတာ။ မပျောက်တဲ့သူက နောက်ရက်ထိ စောင့်စရာမလိုဘူး၊ ချက်ချင်း ပြန်တွေ့တယ်လေ။ လုပ်တဲ့လူတွေကိုလည်း အခုထိ မဖမ်းသေးဘူး။ အဲ့ဒီလူတွေအကုန်လုံး အပြင်မှာပဲ။ တစ်ဖွဲ့တည်းမဟုတ်ဘူး အများကြီးပဲ၊ သူ့နေရာနဲ့သူ လုပ်စားနေကြတာ။ လူကိုကြည့်ပြီးတော့ အကဲခတ်ပြီး ငှားကြတာ။ ဟိုတစ်နေ့ (မေ ၂၆ ရက်) က သေသွားတဲ့ အစ်ကိုကြီးဆို သူက အားနာတတ်တယ်၊ သဘောလည်းကောင်းတယ်၊ သူ့ကိုလုပ်လိုက်တာ နှမြောလိုက်တာဗျာ။ သူ့ပုံတွေ့တော့ ယုံတောင်မယုံနိုင်ဘူး။ နှမြောလွန်းလို့။ သူက သဘောတော်တော်ကောင်းတယ်။ တော်တော်စိတ်မကောင်း ဖြစ်ရတယ်” လို့ မြောက်ဒဂုံမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
 
စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတဲ့အချိန်မှာ အငှားယာဉ် မောင်းနှင်သူအချို့ဟာ အုံနာခနဲ့ ဆီဖိုး၊ ဂတ်စ်ဖိုးတွေကို ရှာဖွေပြီးမှသာ မိမိအတွက်ဝင်ငွေ ကျန်ရှိစေဖို့ အသည်းအသန် ရှာဖွေနေရတဲ့အချိန်မှာ လုယက်ခံရတဲ့သတင်းတွေဟာ သူတို့အတွက် အခက်အခဲတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။
 
၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့သလိုဖြစ်နေတာကြောင့် ပြည်သူတွေအတွက် လုံခြုံရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လို့လာနေပါတယ်။
 
အခုချိန်မှာ လုံခြုံရေးအခြေအနေကြောင့် အမှုအခင်းရှိရင်တောင် ပြည်သူတွေကိုယ်တိုင် ရဲစခန်းတွေကို တိုက်ရိုက်သွားလို့ မရတော့ဘဲ ရပ်ကွက်လူကြီးကတစ်ဆင့် အဆင့်ဆင့် အချိန်ပေး ဆက်သွယ်ပြီးမှသာ အမှုဖွင့်လို့ရတာကြောင့် ဒါနဲ့ပတ်သက်လို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
နစကရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရဲစခန်းအားလုံးမှာ အမှုဖွင့်လို့ မရဘူးဆိုတာ မမှန်ဘဲ ရဲစခန်းတွေကိုယ်တိုင် တိုက်ခိုက်ခံနေရတာကြောင့် လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားရတာ ဖြစ်တယ်လို့ အခုနှစ် ဇန်နဝါရီလထဲမှာ မီဒီယာတစ်ခုရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။
 
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်မြို့အတွင်းမှာ လုယက်မှုတွေ ပိုမို ဖြစ်ပွားလာနေတာဖြစ်ပြီး ဓားပြတိုက်မှုတွေ၊ YBS ယာဉ်လိုင်းတွေမှာ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ် မတ်လကနေစလို့ အငှားယာဉ်မောင်းတွေကို ပစ်မှတ်ထား လုယက်မှုတွေ အရင်ကထက်ပိုပြီး ဖြစ်ပွားလာနေတာကို တွေ့ရပါတယ်။
 
လတ်တလောရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် မတ်လကစလို့ သုံးလတာကာလအတွင်းမှာ တက္ကစီလုယက်မှုဖြစ်စဥ် ၉ မှုခန့် ရှိနေပြီဖြစ်ကာ လုယက်ခံရမှု အများဆုံးယာဥ်ကတော့ Toyota Probox အဖြူရောင်ဖြစ်တယ်လို့ သိရပါတယ်။ လုယက်ခံရမှု အများဆုံးကျုးလွန်ရာနေရာကတော့ မင်္ဂလာဒုံမြို့နယ်တစ်ဝိုက်ဖြစ်တဲ့ ဇေကမ္ဘာအိမ်ရာဝင်းနဲ့ ပုလဲမြို့သစ် အိမ်ရာတွေထဲမှာလို့ သိရပါတယ်။
 
မတ်လနဲ့ ဧပြီလဖြစ်စဥ်တွေမှာ ကားကိုလုယူပြီး လူကို နာကျင်အောင် ရိုက်နှက်ကာ လမ်းဘေးပစ်ချခဲ့ပြီး အသက်သေအောင် မပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
 
လက်ရှိမှာတော့ ကားသမားက ခရီးသည်ကို ကြောက်လန့်နေရသလို ခရီးသည်ကလည်း ကားသမားကိုကြောက်ရတဲ့ အခြေအနေတွေ အပြန်အလှန်ရှိနေပြီး စိန်ခေါ်မှုနဲ့ အခက်အခဲမျိုးစုံ ရှိနေတယ်လို့ အငှားယာဥ်မောင်းတွေက ပြောပါတယ်။
 
ရန်ကုန်မြို့မှာတော့ အငှားယာဉ်မောင်းကို လုယက်တာ၊ သတ်ဖြတ် အလောင်းဖျောက်တာတွေ မကြာခဏဆိုသလိုဖြစ်နေပြီး အခြားတစ်ဖက်မှာတော့ အငှားယာဉ်မောင်းက ခရီးသည်ကို လုယက်သတ်ဖြတ်တာလည်း ရှိခဲ့ပါတယ်။
 
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုဟာ အဲ့ဒီနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လောက်အထိ “လုံခြုံမှု” ရှိနေသလဲ ဆိုတာနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ “လူမှုဘဝလုံခြုံမှု” ၊ “အစားအစာလုံခြုံမှု” ၊ “လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု”တွေကို ကြည့်ရင် အဘက်ဘက်က လုံခြုံမှု အားနည်းနေတာ အမှန်ပါ။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) မှာ နစကဥက္ကဋ္ဌက “တိုင်းပြည်သာယာ ဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေ စိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေမှာ”လို့ ပြောကြားခဲ့ပါတယ်။
 
ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှမှု မရှိခြင်း စတဲ့ အချက်တွေဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်အောင် လှုံ့ဆော်ပေးပြီး ဒုစရိုက်မှုတွေ မွေးဖွားစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ ပညာရေးနိမ့်ကျခြင်းဟာ သည်းမခံနိုင်မှုကို ဖြစ်စေခြင်းနဲ့ များစွာပတ်သက်နေပြီး ရာဇဝတ်မှုဖြစ်စေတဲ့ အမူအကျင့်တစ်ရပ် ကြိုတင်ရှိနေသကဲ့သို့ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ လုယက်မှုတွေ၊ ပစ္စည်းလုပြီး လူသတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာတွေကို တားဆီးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အဲ့ဒီလို တားဆီးနိုင်ဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ စီမံချက်တွေချမှတ်ပြီး ဆောင်ရွက်ဖို့လည်း အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။
 
ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ အသက်ဝင်ပြီး နယ်ပယ်အသီးသီးမှာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်မှ အဆင်ပြေနိုင်မှာဖြစ်သလို ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် စတဲ့ မဏ္ဍိုင် ၃ ရပ် ဟန်ချက်ညီနေမှသာ ပြည်သူ့ဘဝတွေ လုံခြုံလာမှာဖြစ်ပြီး အဲဒီလို လုံခြုံတဲ့ ပြည်သူ့ဘဝတွေ ဖန်တီးပေးနိုင်ဖို့က အစိုးရတစ်ရပ်ရဲ့ တာဝန်ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ်။ ။
 
Photo Crd – Original Uploader
#VOM #voiceofmyanmar #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW