မြန်မာသရက်သီးတွေ အရည်အသွေးမပြည့်မီဘူးဆိုကာ တရုတ်ဘက်က စျေးနှိမ်ဝယ်ယူမှုရှိနေ

မေ ၃၀ – ၂၀၂၃

GG (VOM)

မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကို ပို့နေတဲ့ မြန်မာသရက်သီးတွေ အရည်အသွေးမမှီတာကြောင့် ဝယ်ယူမှုနည်းလာသလို စျေးနူန်းလည်း ကျဆင်းလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ဒါ့ကြောင့် သရက်သီးရာသီကာလဖြစ်ပေမယ့်လည်း တရုတ်ဘက်ကို သရက်သီးတင်ပို့မှုအနေနဲ့က တစ်ရက်မှာ သရက်သီးကား ၁၀ စီး​အထက်သာ ရှိတယ်လို့သိရပါတယ်။

“ဟိုအရင်ရက်တွေကဆို တစ်ရက် အစီး ၃၀ အထက်သွားတာရှိပေမယ့် အခုကတော့ ၁၀ စီးလောက်ပဲရှိတယ်။တရုတ်ဘက်လည်း ဝယ်တာနည်းသွားတယ်။နည်းတော့ စျေးကကျတယ်။အဓိကတော့ တရုတ်က မြန်မာသရက်သီးတွေ အရည်အသွေးမပြည့်မီဘူးဆိုပြီး ပယ်ချတာပါ။မြန်မာဘက်ကလည်း ပြည်ပပို့မယ့်သစ်သီးကိုတော့ အရည်အသွေးပြည့်မှီအောင်၊ကိုယ့်ပစ္စည်းကို မြင်တာနဲ့ဝယ်ချင်အောင် လုပ်ဖို့လိုလာပါတယ်”လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံမှာလည်း သူတို့နိုင်ငံ ဒေသထွက်သရက်သီးတွေ စျေးကွက်ထဲဝင်ရောက်နေချိန်ဖြစ်တာကလည်း မြန်မာသရက်သီးကဏ္ဍအတွက် ထိခိုက်မှုရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အရင်က ၁၆ ကီလိုပါ ရွှေဟင်္သာ သရက်သီး ခြင်းတစ်ခြင်းကို တရုတ်တင်ပို့တဲ့အခါ ယွမ် ၈၀ ကနေ ၁၂၀ ဝန်းကျင်အထိရရှိပေမယ့် လက်ရှိမှာ ခြင်းတစ်ခြင်းကို ယွမ် ၂၀ ကနေ ၃၀ အထိသာ ရရှိတယ်လို့ သိရပါတယ်။

နောက်ပြီး စိန်တလုံးသရက်သီး ခြင်းတစ်ခြင်းကိုလည်း အရင်က တရုတ်ငွေ ယွမ် ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ယွမ် ၅၀ ကနေ ၆၀ သာရရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက တရုတ်ဘက်ကို တင်ပို့မယ့် သရက်သီးတွေ မူဆယ် ဝမ်တိန် ရောင်းကွင်းမှာ ပုံနေတာကြောင့်လည်း သရက်သီးတွေ အရည်အသွေးမမှီတဲ့ကိစ္စတွေ ဖြစ်ခဲ့ပြီး စျေးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သရက်သီးတင်ပို့မယ့်ကုန်သည်တွေအနေနဲ့ တရုတ်ကိုတင်ပို့မှုယာယီရပ်နားထားစေချင်တယ်လို့ အကြံပြုပြောဆိုထားကြပါတယ်။

#VOM #voiceofmyanmar #မြန်မာ့သရက် တရုတ်ကစျေးနှိမ်ဝယ်ယူမှု

Related posts

Leave a Comment

VOM News

FREE
VIEW