မျိုးဆက်(VOM)
၃၁-၅-၂၀၂၃
အာရှဒေသရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ကလေးမွေးဖွားမှုနှုန်းကျဆင်းမှုရဲ့ အကျိုးဆက်အဖြစ် လူဦးရေကျဆင်းလာမှုပြဿနာနဲ့ကြီးကြီးမားမား ရင်ဆိုင်နေရပြီး စိုးရိမ်ဖွယ် စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပါတယ်။
သက်ဆိုင်ရာအစိုးရတွေအနေနဲ့ လူဦးရေကျဆင်းလာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေါ်လာဘီလီယံများစွာ အသုံးပြုနေကြပေမယ့် ဒီပြသနာကို ဖြေရှင်းနိုင်မှာလည်းဆိုတဲ့ မေးခွန်းတွေလည်းရှိနေပါတယ်။
စင်ကာပူနိုင်ငံဟာ ကလေးသူငယ်မွေးဖွားမှုဆိုင်ရာ အားပေးတဲ့မူဝါဒကို ၁၉၈၇ ခုနှစ်မှာစတင်ခဲ့ပြီး ဂျပန်နိုင်ငံက ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ တောင်ကိုရီးယားကတော့ ၂၀၀၀ ခုနှစ်မှာ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားကြီး တရုတ်နိုင်ငံကလည်း နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေကျဆင်းမှုဖြစ်ပွားပြီးနောက် ဇနီးမောင်နှံတွေ ကလေးပိုမိုမွေးဖွားဖို့တွန်းအားပေးတဲ့ မူဝါဒတွေကို မကြာသေးခင်က ချမှတ်ခဲ့ပါတယ်။
ဒီလိုမူဝါဒတွေအကောင်အထည်ဖော်ရာမှာ ငွေကြေးဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျတွက်ချက်ဖို့ ခက်ခဲပေမယ့် တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း လူဦးရေမြှင့်တင်ရန်ကြိုးပမ်းခဲ့ရာမှာ ဒေါ်လာ ၂၀၀ ဘီလီယံကျော်ထိ အသုံးပြုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့အနိမ့်ဆုံးရောက်ရှိခဲ့ပြီး အမျိုးသမီးတဦးမှာ ကလေးမွေးဖွားမှုနှုန်း သုည ဒသမ ၇၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားမှုနှုန်း ရှစ်သိန်းအောက်ထိ စံချိန်တင်ကျဆင်းခဲ့တဲ့ အိမ်နီးချင်းဂျပန်နိုင်ငံမှာတော့ ကလေးသူဆိုင်ရာမူဝါဒအတွက် နိုင်ငံဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၇၄ ဒသမ ၇ ဘီလီယံထိ နှစ်ဆတိုးသုံးစွဲမယ်လို့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက ကတိပြုထားပါတယ်။
ကမ္ဘာ့တ၀န်းမှာ ကလေးမွေးဖွားမှုနှုန်းကို လျှော့ချဖို့ကြိုးပမ်းနေတဲ့ နိုင်ငံအမျာအပြားရှိပေမယ့် မွေးဖွားမှုနှုန်းမြှင့်တင်လိုတဲ့ နိုင်ငံအရေအတွက်ဟာ ၁၉၇၆ ခုနှစ်ကစပြီး သုံးဆကျော်တိုးလာကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
ဒီလို ဘဏ္ဍာငွေအများအပြား အကုန်အကျခံပြီး လူဦးရေမြှင့်တင်ဖို့ အစိုးရတွေက ဘာကြောင့် အားထုတ်ကြိုးပမ်းမှုတွေလုပ်ဆောင်နေရလဲဆိုတဲ့ အဓိကအကြောင်းရင်းကို အရိုးရှင်းဆုံးဆိုရရင်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။
တနည်းအားဖြင့် အလုပ်ပိုလုပ်နိုင်ပြီး ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေးနိုင်တဲ့ လူဦးရေးများပြားမှုဟာ စီးပွားရေးတိုးတက်မှုအတွက် အလွန်ကောင်းတဲ့အလားအလာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လူဦးရေပိုမိုများပြားခြင်းဟာ အစိုးရတွေအတွက် ကုန်ကျစရိတ်မြင့်မားလာတယ်ဆိုပေမယ့်လည်း တဘက်ကပြန်ကြည့်ရင် ပိုမိုကြီးမားတဲ့အခွန်ငွေတွေကို ထွက်ပေါ်လာစေနိုင်ပါတယ်။
အာရှနိုင်ငံအများစုမှာ လူဦးရေကျဆင်းမှုအပြင် နောက်ထပ်ရင်ဆိုင်နေရတဲ့ ပြသနာတခုက သက်ကြီးရွယ်အိုဦးရေ အလျှင်အမြန်တိုးပွားလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုဦးရေ ၃၀ ရာခိုင်နှုန်းနဲ့ ဒေသတွင်းမှာ ဦးဆောင်နေပြီး အခြားနိုင်ငံတွေမှာလည်း အလျှင်အမြန် မြင့်တက်လျှက်ရှိနေပါတယ်။
ဒီပြဿနာရဲ့ အကျိုးဆက်အနေနဲ့ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်လူဦးရေအချိုးအစားနည်းပါးလာပြီး အလုပ်မလုပ်နိုင်တဲ့ လူဦးရေကို ပြုစုစောင့်ရှောက်ဖို့ ကုန်ကျစရိတ်နဲ့ ၀န်ထုတ်၀န်ပိုး ထပ်တိုးလာတာဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရးအများဆုံးအဖြစ် တရုတ်နိုင်ငံကိုကျော်တက်သွားတဲ့ အိန္ဒိယနိုင်ငံကိုကြည့်မယ်ဆိုရင် နိုင်ငံ့လူဦးရေရဲ့ လေးပုံတပုံကျော်ဟာ အသက် ၁၀ နှစ်နဲ့ ၂၀ ကြားရှိပြီး ဒီလူဦးရေအချိုးအစားဟာ အနာဂါတ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အလားအလာကောင်းတွေဖြစ်ပါတယ်။
အလုပ်မလုပ်နိုင်တော့တဲ့ လူဦးရေတိုးပွားလာခြင်းနဲ့ သက်ကြီးရွယ်အိုဦးရေမြင့်တက်လာမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတွေရှိလာတယ်လို့ ဗစ်တိုးရီးယားတက္ကသိုလ်က သုတေသီ ရှီကျန်ပင်က ပြောပါတယ်။
ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာဖို့အတွက် အစိုးရတွေရဲ့ အစီအမံတွေကတော့ မိဘတွေကို ထောက်ပံ့ကြေးပေးတာ၊ ကလေးတွေအတွက် အခမဲ့ပညာရေး၊ ကလေးထိန်းကျောင်းတွေ ၊ အခွန်လျှော့ချပေးတာနဲ့ မိဘတွေအတွက် ခွင့်ရက်ပိုပေးတာမျိုး စတဲ့အစီအမံအများစုဖြစ်ပေမယ့် လက်ရှိအခြေအနေတွေအရ ဒီအစီအမံတွေက အတိုင်းအတာတစ်ခုထိသာ အလုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေကို ကလေးမွေးဖို့ လှုံ့ဆော်ပေးတဲ့ မူဝါဒအမျိုးအစားတွေ သမိုင်းတလျှောက်မှာရှိခဲ့ပေမယ့် မျှော်မှန်းသလောက် အလုပ်မဖြစ်ကြောင်း၊ အမျိုးသမီးတွေ ဘာကြောင့် ကလေးမမွေးချင်လဲဆိုတဲ့ အရင်းခံအချက်တွေကို နားလည်ဖို့လိုအပ်ပြီး ဒီအချက်တွေကြောင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်ဘ၀နဲ့ မိသားစုဘ၀ကို ပေါင်းစပ်ဖို့မတတ်နိုင်ကြတာဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ အေလာနာအာမစ်တစ်က ပြောပါတယ်။
ဒါပေမယ့် မွေးဖွားမှုဆိုင်ရာ မူဝါဒတွေချမှတ်အကောင်အထည်ဖော်ရာမှာ ဆွီဒင်၊ ဒိန်းမတ်တို့လို ဥရောပမြောက်ပိုင်း စကင်ဒီနေးဗီးယားဒေသကနိုင်ငံတွေဟာ အာရှဒေသနိုင်ငံတွေထက် ပိုမိုသာလွန်တယ်လို့ ဗစ်တိုးရီးယားတက္ကသိုလ်က ရှီကျန်ပင်က သုံးသပ်ပြောဆိုပါတယ်။
အဓိကအကြောင်းရင်းကတော့ အဲဒီနိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်ရှိပြီး ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ကုန်ကျစရိတ်သက်သာကာ ကျား၊မ အရေအတွက် တန်းတူညီမျှမှုက အာရှနိုင်ငံတွေထက် သာလွန်တယ်လို့ သူကဆိုပါတယ်။
မွေးဖွားမှုနှုန်း နိမ့်ကျနေတဲ့ကြားမှာ ထောက်ပံ့မှုတွေနည်းရင် ပိုနိမ့်ကျလာမှာဖြစ်ပြီး လူဦးရေကျဆင်းလာတဲ့ နိုင်ငံတွေအနေနဲ့ စီးပွားရေးကိုမြှင့်တင်ဖို့ အခြားနယ်ပယ်တွေမှာပါ ရင်းနှီးမြုပ်နှံသင့်တယ်လို့ INSEAD က စီးပွာရေးပါမောက္ခအန်တိုနီယိုဖာတက်စ်က သုံးသပ်ပါတယ်။
တရုတ်နိုင်ငံကတော့ လူဦးရေကျဆင်းမှုရဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို လျော့ပါးသက်သာစေဖို့နဲ့ လုပ်သားအင်အားနည်းပါးမှုအတွက် အလိုအလျောက်ကုန်ထုတ်လုပ်မှုနည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေမှာ ရင်းနှီးမြုပ်နှံထားကြောင်း သုတေသီရှီကျန်ပင်က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ လူဦးရေကျဆင်းလာမှုဟာ သက်ဆိုင်ရာနိုင်ငံတွေအတွက် စီးပွားရေးပေါ် သက်ရောက်မှုတွေရှိနေပေမယ့် နိုင်ငံကိုလာရောက်အလုပ်လုပ်ကိုင်မယ့် ပြည်ပလုပ်သားတွေကို ဆွဲဆောင်ဖို့လည်း ဖြစ်လာနိုင်ပါတယ်။
အာရှဒေသက ဂျပန်နဲ့ တောင်ကိုရီးယားတို့ကတော့ ပြည်ပက လူငယ်လုပ်သားတွေကို ဆွဲဆောင်ဖို့အတွက် လူ၀င်မှုကြီးကြပ်ရေးဥပဒေတွေ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ လွှတ်တော်အမတ်တွေက ဆွေးနွေးနေကြပြီဖြစ်ပါတယ်။
ဒါဟာလည်း ဖြေရှင်းနည်းတရပ် အဖြစ်ရှိနေပေမယ့် ကိုယ့်နိုင်ငံတွင်းမှာ လူဦးရေမြှင့်တင်ဖို့အတွက် မွေးဖွားမှုဆိုင်ရာမူဝါဒတွေမှာ ငွေကြေးပုံအောသုံးစွဲမှုဟာ အစိုးရတွေအတွက် ရွေးချယ်စရာမရှိတဲ့ နည်းလမ်းတခုအဖြစ် ရှုမြင်ကြောင်း INSEAD က စီးပွာရေးပါမောက္ခအန်တိုနီယိုဖာတက်စ်က ဆိုပါတယ်။
အာရှနိုင်ငံတွေမှာ သူတို့ချမှတ်ထားတဲ့ မူဝါဒတွေ အလုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်မဖြစ်သည်ဖြစ်စေ မွေးဖွားမှုဆိုင်ရာ ကဏ္ဍအတွက် အစိုးရတွေက မဖြစ်မနေရင်းနှီးမြုပ်နှံရမယ်လို့ ပါမောက္ခအန်တိုနီယိုဖာတက်စ်က ပြောပါတယ်။
Ref:CNA/BBC
Photo: Getty Images
#voiceofmyanmar #VOM #ကမ္ဘာ့သတင်း