ဒေါ်လာတွေ တိုးပြီးထုတ်ရောင်းပေးမယ်လို့ဆိုပေမယ့် ဝယ်ရခက်နေသလို စျေးကွက်မှာ ဒေါ်လာစျေးကျဆင်းမှုမရှိသေး

ဇွန် ၃ – ၂၀၂၃
GG (VOM)

ဘဏ်တွေမှာ အမေရိကန်ဒေါ်လာငွေကြေးရောင်းချမှုကို အရင်ကထက်ပိုပြီး တိုးမြှင့်ရောင်း​ချပေးမယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပေမယ့် လက်ရှိမှာတော့ ဝယ်ယူရခက်ခဲနေဆဲဖြစ်သလို ဒေါ်လာစျေးကျဆင်းလာခြင်းလည်း မရှိသေးဘူးလို့သိရပါတယ်။

” ဘဏ်မှာက ဝယ်လို့မရပါဘူး။ သူတို့ကလည်း မရောင်းဘူး။ဝယ်ရင်လည်း သတ်မှတ်ပမာဏကုန်သွားပြီလို့ပြောတာများပါတယ်။အဆင်မပြေပါဘူး။ဒါကြောင့်လည်း ပြင်ပဒေါ်လာစျေးကွက်က ကြီးနေတာပေါ့၊ အခုလည်း ပိုရောင်းပေးမယ်သာ ပြောတာ ဘယ်တော့ စရောင်းပါမယ် မပါဘူး။ဘဏ်မှာဝယ်ဖို့စုံစမ်းတော့လည်း မရဘူး “လို့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေမှာ နိုင်ငံခြားငွေတိုးမြင့်ရောင်းချပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။

အခုလို နိုင်ငံခြား ငွေတိုးမြှင့်ရောင်းချပေးဖို့လုပ်ဆောင်တာဟာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက်ဖြစ်ကြောင်းနဲ့ အဲ့ဒီအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်စာမှာရေးသားထားပါတယ်။

ပြည်ပကို သွားရောက်ပြီး ပညာသင်မယ့်သူတွေ၊ ဆေးကုသမယ့်သူတွေ၊ အလုပ်သွားရောက်လုပ်ကိုင်မယ့် သူတွေအတွက်လည်း ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ အသေးသုံး နိုင်ငံခြားငွေအဖြစ် တိုးမြှင့်ရောင်းချပေးခြင်း၊ နိုင်ငံတကာသုံးငွေပေးချေကတ်နဲ့ သတ်မှတ်ပမာဏအတွင်း ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြင်ပလက်တွေ့မှာတော့ ဘဏ်တွေမှာ နိုင်ငံခြားငွေ ဝယ်ယူဖို့ခက်ခဲနေသေးကြောင်း ၊ ဘဏ်တွေကနေ ရောင်းချပေးတာလည်း အရမ်းနည်းတဲ့အပြင် ဒေါ်လာစျေးကလည်း ကျဆင်းသွားတာမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းက အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာ ငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပနိုင်ငံခြားငွေစျေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာ ငွေ ၂၉၀၀ ကျပ်အထက်မှာရှိနေပါတယ်။

” ဘဏ်ကသတ်မှတ်တဲ့ ၂၁၀၀ နဲ့လိုက်ဝယ်ကြည့်ပါ ဘယ်မှာမှ မရပါဘူး၊ရောင်းသူမရှိပါဘူး။ဘဏ်တွေမှာတောင် မရတာ အပြင်မှာ ဘယ်ရမလဲ၊ ကိုယ်လိုအပ်လို့ဝယ်ရင် ပြင်ပပေါက်စျေးနဲ့ ဝယ်ရတာပါ။ဘဏ်စျေးနဲ့အပြင်စျေးက ၈၀၀ ကျော်ကွာတယ်။ ဗဟိုဘဏ်ကတော့ စျေးကစားသူ တွေ့ရင်တိုင်ပါ အရေးယူမယ်လို့ စာ ခဏခဏထုတ်နေတာပဲ ။ တကယ်ရော တိုင်သူရောရှိလား၊အရေးယူတာရောရှိလားဆိုတာတော့ သူတို့ထုတ်ပြန်မှပဲ သိရမှာလေ” လို့ နယ်စပ်ပို့ကုန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

စျေးကွက်မှာ ဒေါ်လာစျေးမြင့်တက်ပြီး မတည်ငြိမ်မှုဖြစ်အောင် ဒေါ်လာဈေးနှုန်း ကမောက်ကမ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း မြင့်တက်မယ်ဆိုတဲ့ မဟုတ်မမှန် ကောလဟာလတွေ ထုတ်လွှင့်သူတွေကို တိုင်ကြားနိုင်ကြောင်း၊ သတင်းမှားလွှင့်ပြီး စျေးတက်အောင်လုပ်သူ၊စျေးကစားသူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက် နဲ့အညီ အရေးယူသွားမယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် ဒေါ်လာစျေးမတည်ငြိမ်အောင် စျေးကစားတာ၊ စျေးတက်ရောင်းတာတွေ လုပ်သူတွေထဲမှာ ပြည်တွင်းဘဏ်တွေပါဝင်နေပါကလည်း ဘဏ်တွေကိုပါအရေးယူမှာဖြစ်တယ်လို့ ထုတ်​ပြန်စာမှာရေးသားထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ကတော့ လက်ရှိမှာ ဒေါ်လာငွေကြေးကိုသာ တိုးမြင့်ရောင်းချပေးဖို့စီစဥ်နေပြီး သတ်မှတ်ထားတဲ့ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းကိုတော့ ပြောင်းလဲဖို့ အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်မှုနူန်း အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်အစား အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်အဖြစ် ဗဟိုဘဏ်က တိုးမြင့် ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားငွေလဲလှယ်ရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW