ပျောက်ဆုံးနေတဲ့ စစ်တွေနည်းပညာကျောင်းအုပ်ကြီးရဲ့ ရုပ်အလောင်း ပြန်တွေ့

ဇွန် ၄ – ၂၀၂၃
SN (VOM)

တစ်ရက်ကြာပျောက်ဆုံးနေတဲ့ စစ်တွေနည်းပညာကျောင်းအုပ်ဆရာကြီးရဲ့ ရုပ်အလောင်းကို စစ်တွေမြို့၊ ဘာဆာရာရွာအနီးမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကနေ သိရပါတယ်။

အဲ့ဒီကျောင်းအုပ်ဆရာကြီးဟာ ဇွန် ၂ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်က စစ်တွေမြို့၊ ကမ်းနားလမ်း သုံးခွဆုံအနား ပင်လယ်ကမ်းစပ်မှာ သူစီးနင်းလာတဲ့ ဆိုင်ကယ်ကို ထားပစ်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“စ ပျောက်သွားတာကတော့ စစ်တွေဟိုတယ် ကမ်းနားလမ်းကပွိုင့်နားမှာ ဆိုင်ကယ်ရပ်ပြီး ကမ်းခြေကိုဆင်းသွားတာလို့ သိရတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်တာတွေဆောင်ရွက်ပြီး သေချာရှာဖွေကြပါတယ်။ ကုလားတန်မြစ်တစ်လျှောက် ရွှေမင်းဂံဘက်အထိကို ရှာတယ်၊ လုံးဝမတွေ့ဘူး။ မနေ့က ညကျမှ အလောင်းကိုပြန်တွေ့ခဲ့တဲ့ ဘာဆာရွာက ရွာသားတစ်ယောက်က သတင်းပို့လာတာနဲ့ သွားကြည့်တော့မှ တွေ့ခဲ့တာပါ”လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီးဟာ လုပ်ငန်းခွင်အတွင်း ဖိအားများပြီး စိတ်ဖိစီးမှုကြောင့် အခုလို မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

“ကျောင်းအုပ်ဆရာကြီးဆိုတော့ အလုပ်ကဖိအားတွေတော့ ရှိနိုင်ပါတယ်။ သူ့အမျိုးသမီးကို မေးကြည့်တော့လည်း ဘာမှတော့ သေချာပြောမသွားဘူး။ ကျွန်တော်တို့အပြင်မှာ ကြားရသလောက်ကတော့ ဆရာကြီးက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာကြီးဟာ စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ အသက် ၄၅ နှစ်အရွယ် ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင်ဖြစ်တယ်လို့ သိရပြီး စစ်တွေမြို့၊ ဝန်ကြီးအိမ်ယာအနီးရှိ ကျောင်းဝင်းအတွင်း နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ဆရာကြီးရဲ့ရုပ်အလောင်းကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနဲ့ သွေးအလှုရှင်များအသင်းမှ စစ်တွေဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW