ရှမ်းပြည်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ(၁၀၀)နီးပါး ပျက်စီးမှုဖြစ်ပွား

ဇွန် ၃-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၁၀၀ ဝန်းကျင် ပြိုကျ​ပြီးအမိုးလန်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ကလောမြို့နယ်မှာ လေပြင်းကြောင့် မနေ့က ဇွန်လ ၂ ရက်မှာ စာသင်ကျောင်း ၁ ခုနဲ့ လူနေအိမ် အပါအဝင် စုစုပေါင်း အလုံးရေ ၅၀ အထိပျက်စီးသွားတယ်၊ သွပ်မိုး ၂ ထပ်အိမ်တွေကြီးပဲ သီးသန့်က ၂၅ လုံးလောက်ပါတယ်၊ ခိုင်ခိုင်ခန့်ခန့်အိမ်တွေပါ ၊ ကလောမြို့နယ်မှာပဲ ဇွန် ၁ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ခုနဲ့ ဒေသခံလူနေအိမ် အလုံး ၃၀ ကျော်ပျက်စီးခဲ့တယ်၊ အပျက်စီးတွေ ဘာကြောင့်များရတာလည်းဆိုတော့ တိုက်ခတ်သွားတဲ့ လေက အရမ်းပြင်းတယ်လေ၊ လေဆင်နှာမောင်းပုံစံ ဆိုတော့လေ၊ ရပ်စောက်မြို့နယ်မှာလည်း နေအိမ် ၁၀ ကျော်ကျော် မနေ့က လေပြင်းကြောင့် ၁၀ လုံးလောက် ပျက်စီးခဲ့တယ်၊ အခြားဒေသတွေမှာလည်း ပျက်စီးထိခိုက်တာတွေရှိတယ်။”လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတစ်ဦးက” လိုအပ်တဲ့ကူညီမှုတွေကို အပိုင်း ၂ ခုခွဲ ဆောင်ရွက်ပေးနေတယ်၊ ပြိုကျတဲ့ အိမ်တွေကို ထောက်ပံ့သလို အမိုးလန်တဲ့ အိမ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်၊ အစိုးရပိုင်း အဆောက်အဦတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပေါင်းစပ်လုပ်ဆောင်နေတယ် အိမ်တွေကတော့ အစုံပါတာပေါ့။”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် စံပြကျေးရွာ၊ ဆိုက်ခေါင်ဈေးအရှေ့ဘက်မှာဇွန်လ ၁ ရက် နေ့လယ်ပိုင်းအချိန်က မိုးရွာလေပြင်းတိုက်ခတ်မှုကြောင် သစ်ပင်လဲကျပြီး အိမ်စီးကား ၁ စီးနဲ့ ယိုးဒယားထုတ်ဆိုင်ကယ် ၁ စီးပျက်စီးမှုဖြစ်ပွားကာ လူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်ရှိ အေးစေတီကျောင်း အပေါ်ဘက် ဓမ္မရတနာကျောင်းလမ်း၊ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့မှာ မေလ ၂၉ ရက်က ရုတ်တရက် မိုးရွာလေပြင်းတိုက်ခတ်ပြီး ထင်းရှုးပင် လဲကျမှုဖြစ်ပွားတာကြောင့် ရပ်ထားတဲ့ အိမ်စီးကား ၃စီး ပျက်စီးမှုဖြစ်ပွားခဲ့သလို လျှပ်စစ်ဓာတ်တိုင်တွေ ကျိုးကျတာ၊ နေအိမ်တွေ ရေမြုပ်တာတွေလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #​လေပြင်းတိုက်ခတ်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW