အဆိုတော် လီလီနိုင်ကျော် အသတ်ခံရတဲ့ကိစ္စ လူ (၆)ဦးထက်မနည်း ဖမ်းဆီးခံရ

ဇွန် ၆ – ၂၀၁၃
SN (VOM)

ပြီးခဲ့တဲ့ ၂၀၂၃ မေ ၃၀ ရက် ညပိုင်းက အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တေးရေးဆရာ အောင်နိုင်စန်းနဲ့ ပြည်သူ ၄ ဦးတို့အပြင် ဧရာဝတီတိုင်းက ရဲအုပ်အငြိမ်းစားတစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေရန်လှုံ့ဆော်၊ ရေးသား၊ ဝါဒဖြန့်မှုတွေကြောင့် တေးရေးဆရာ အောင်နိုင်စန်းအပါအဝင် ၅ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ မနေ့ ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားသလို ဧရာဝတီတိုင်းက ရဲအုပ် အငြိမ်းစားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

နိုင်ငံပိုင်သတင်းစာတွေရဲ့ဖော်ပြမှုအရ ဇွန် ၄ ရက်မှာ တေးရေးအောင်နိုင်စန်းကို ဖမ်းဆီးခဲ့ပြီး စမ်းချောင်းရဲစခန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

တေးရေး အောင်နိုင်စန်းက သူအဖမ်းမခံရခင် ဇွန် (၁)ရက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “မနေ့ညက နာရေးသတင်းတစ်ခုအောက်မှာ Love react နှိပ်လိုက်တယ်။ ထုံးစံကတော့ နာရေးဆိုတာ Sad နှိပ်ရတာ။ ဒါပေမယ့် ကိုယ်က ပုဂ္ဂိုလ်ရေးအရ နာစရာ မုန်းတီးစရာရှိလို့ အဲ့ဒီလို ကျေနပ်တဲ့သဘောနှိပ်လိုက်တယ်။ သူနဲ့ကိုယ်ကြားမှာရှိခဲ့တဲ့ ပုဂ္ဂိုလ်ရေးအမုန်းကို အခြေခံလို့နှိပ်တာလေ၊ မရဘူးတဲ့လား။ ဒီနာရေးနဲ့ပတ်သက်ပြီး ဓာတ်ပုံပါတင်၊ စာပါရေးပြီးပြောနေကြတာ လူပေါင်းတစ်သိန်း။ ကိုယ်က ဘာ post မှ ဆိုးသည်ကောင်းသည် တင်တာမဟုတ်ဘူး။ react တစ်ခုနှိပ်တာနဲ့ ကိုယ့်ကျမှ အဲ့ဒီကောင်ကို ဆွဲစိပါလို့ တိုက်တွန်းနေပါလေရောတဲ့။ သူနဲ့ကိုယ်ကသူငယ်ချင်း။ အလုပ်တွေ အများကြီး အတူတူလုပ်ခဲ့ကြဖူးတယ်။ တစ်နယ်တည်းသား၊ ပြောမနာ ဆိုမနာ။ အမုန်းတရားနဲ့လမ်းခွဲခဲ့ကြတာက ၂၀၀၉ ခုနှစ်ကတည်းက။ နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူး။ ငွေလိမ်လို့။ ဒါ အခုမှပြောပြတာ။ ကိုယ့်ကိုပိုက်ဆံလိမ်သွားလို့ မုန်းတာဟာ Personal အခွင့်အရေးမဟုတ်ဘူးလားဗျာ”လို့ ရေးသားထားပါတယ်။

တေးရေးဆရာ အောင်နိုင်စန်းအပြင် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်မှာ နေထိုင်တဲ့ မြင့်မောင် (ခ) ကိုနီ၊ မင်္ဂလာဒုံမြို့နယ် ရွာမရပ်ကွက်မှာ နေထိုင်သူ မျိုးမင်းညီ(ခ) သူရ၊ သာကေတမြို့နယ် ၄/ တောင်ရပ်ကွက်နေ ချစ်ဦးဝေနဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပျဉ်ပုံကြီးရွာမှာ နေထိုင်သူ အာကာမင်းဦးတို့ကိုလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ ပြုမူလုပ်ဆောင်ခဲ့တဲ့အတွက် တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဧရာဝတီတိုင်းက အငြိမ်းစား ရဲအုပ် ဦးအောင်ကျော်ကျော်ကို ဆိုသူလည်း အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရမှုသတင်းအောက်မှာ “ချိုစိမ့်“ ဆိုပြီး မှတ်ချက်ဝင်ရေးခဲ့တဲ့အတွက် ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“သူက ပြီးခဲ့တဲ့ မေ ၃၁ ရက်ကတည်းက အဖမ်းခံခဲ့ရတာ။ အခုအချိန်အထိ ဘယ်နေရာမှာ အထိန်းသိမ်းခံထားရတယ်ဆိုတာ မသိရသေးဘူး”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း မင်းအုပ်မြန်မာ (ခေါ်) ဟစ်‌ဟော့ပ်အဆိုတော် ဗျူဟာကို မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က) နဲ့ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ကာ မေ ၂၉ ရက်မှာ ပထမအကြိမ် ရုံးထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#VOM #voiceofmyanmar #လီလီနိုင်ကျော် #ပစ်ခတ်ခံရမှု #ဖမ်းဆီးခံရသူများ

Related posts

Leave a Comment

VOM News

FREE
VIEW