လားရှိုးမှာ မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျပြီး ကလေး ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံး

ဇွန်၊ ၁၀-၂၀၂၃
MM[VOM]

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်မှာ ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက လေပြင်းတိုက်ခတ်ပြီးမိုးရွာ သွန်းမှုကြောင့် နေအိမ်အုတ်တံတိုင်းပြိုကျပြီး ကလေး ငယ် ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”ဒီနေ့ မနက် ၁ နာရီခွဲ ကျော်ကျော်အချိန်က ဖြစ်တာ၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာမှာလေ တိုက်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်ကို မြေထိန်း နံရံအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားတာ ၊အိမ်ထဲက ကလေး ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးသွားတာ၊ ကလေးတွေက အသက် ၉ နှစ် ကျော်ကျော်အရွယ်တွေ အမျိုးသမီးကတော့ ၃၀ ကျော်လောက်ရှိမယ် ။”လို့ လားရှိုးမြို့နယ်တာဝန်ရှိ ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက” သူတို့ အိမ်ကလေးက တောင်ခြေ နည်းနည်းကျတယ် ၊ မိုးရွာတော့ ရုတ်တရက် ပြိုကျကုန်တာ ၊ ပြိုကျတဲ့အချိန်က ညဘက်ဆိုတော့ ရှောင်လို့ တိမ်းလို့ အဆင်အပြေဘူး ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလာတော့ အသက် မရှိတော့ဘူး၊ အားလုံး ၄ ယောက် သေဆုံးသွားတာ။”လို့ ပြောပါတယ်။

အဲ့ဒီ သေဆုံး ရုပ်အလောင်းတွေကို မီးသတ်တပ်ဖွဲ့ ဝင်တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက ရှာဖွေဖော်ထုတ်ပြီး လားရှိုးမြို့ပြည်သူ့ဆေး ရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကလည်း မိုခါ မုန်တိုင်းကြောင့် မိုးရွာ လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် နေအိမ်အပေါ် မြေပြိုကျပြီး မြေပိကာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အခု လတ်တလောအနေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် အဲ့ဒီ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ၆ ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ မွန်ပြည်နယ်တို့မှ နေရာကွက်လို့မိုးကြီး နိုင်တယ်လို့ မိုးလေသဝနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၀ ရက် မနက် ၇ နာရီက သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

ဒါ့အပြင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားတယ်လို့လည်း သိရတယ်။

#VOM #voiceofmyanmar #လားရှိုး #အုတ်တံတိုင်းပြိုကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW