VOMရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

– လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ
– ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ
– ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ

ဇွန် ၁၆-၂၀၂၃
မျိုးဆက်(VOM)

(၁) လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ

ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီက သူ့ရဲ့ပထမဆုံးသော စီးပွားဖြစ်အာကာသခရီးစဉ်ကို ယခုလမကုန်ခင် ပို့ဆောင်ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဗာဂျင်ကလက်တစ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ ဂလက်တစ်-၀၁ လို့အမည်ပေးထားတဲ့ လွှတ်တင်မှုကို ပြုလုပ်ဖို့ရည်မှန်းထားပါတယ်။ ပထမဆုံးအကြိမ် အာကာသခရီးစဉ်မှာတော့ အီတလီလေတပ်နဲ့ အီတလီအမျိုးသား သုတေသနကောင်စီတို့မှ သုံးယောက်လိုက်ပါမှာဖြစ်ပြီး မိုက်ခရိုဆွဲငင်အားဆိုင်ရာ သုတေသနပြုဖို့ဖြစ်ပါတယ်။

အာကာသခရီးတွေ စတင်တော့မယ့်လို့ ကြေညာပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ နယူးယောက်စတော့စျေးကွက်မှာ ကုန်သွယ်မှု ၄၀ ရခိုင်နှုန်းထိ ခုန်တက်သွားပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့ဒုတိယမြောက် အာကာသခရီးပို့ဆောင်မှုကို လာမယ့် သြဂုတ်လအစောပိုင်းမှာ ပို့ဆောင်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ လစဉ်အာကာသခရီးသွားတွေကို ပို့ဆောင်ပေးမှာဖြစ်ပြီး လူတယောက်ကို ဒေါ်လာ လေးသိန်းခွဲကျသင့်မှာဖြစ်ပါတယ်။

ကုမ္ပဏီဟာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၈၀ ထိ အာကာသခရီးသွားလိုသူတွေအတွက် လက်မှတ် ၈၀၀ ကျော်ရောင်းချထားပြီး ခရီးသွားတွေဟာ အာကာသအစွန်းကနေ မြင်ကွင်းတွေကိုကြည့်ရှုနိုင်မှာဖြစ်ပြီး မိနစ်အနည်းငယ်ကြာ ဆွဲငင်အားမဲ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။

(၂) ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ

ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘောကို ဆွီဒင်နိုင်ငံမှာ စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ အဲဒီမောင်းသူမဲ့ လျှပ်စစ်သင်္ဘောကို MF Estelle လို့ အမည်ပေးထားပြီး Zeabus ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီသင်္ဘောကို ဆိုဒါမန်နဲ့ ကောင်ဆိုမင်မြို့အကြား ပြေးဆွဲသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နေ့စဉ် ခရီးစဉ် ၁၂၀ ထိပြေးဆွဲနိုင်ဖို့ ကုမ္ပဏီက မျှော်မှန်းထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီသင်္ဘောကို နော်ဝေသိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောထောက်နောက်ခံပြုထားတဲ့ Zeabuz ကုမ္ပဏီက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး သင်္ဘောအတွက် ဒေါ်လာ ၁ ဒသမ ၆ သန်းကုန်ကျခဲ့ပြီး တစင်းမှာ လူ ၃၀ ကျော်စီးနှင်းလိုက်ပါနိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေဟာ ကမ္ဘာနဲ့အ၀န်းရင်ဆိုင်ကြုံတွေ့နေရတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေဟာ ရထားလိုအစုလိုက်အပြုံလိုက် သယ်ယူပို့ဆောင်ရေးတွေအပြင် မြေပြင် ရေပြင်နဲ့ ဥမင်တွေကပါ ပို့ဆောင်ရေးနည်းလမ်းတွေ ရှာဖွေနေကြပါတယ်။

သမားရိုးကျ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လုပ်မှုတွေရှိပြီး ကာဗွန်ကင်းစင်တဲ့ပို့ဆောင်ရေးစနစ်တွေကို အသုံးပြုဖို့ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း Zeabuz ကုမ္ပဏီက ပြောဆိုထားပါတယ်။

(၃) ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ

ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ ဥရောပက သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အမေရိကန် ကို လွှဲပြောင်းပေးတယ်ဆိုကာ အိုင်ယာလန်အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့က ဒဏ်ရိုက်လိုက်ပါတယ်။

Meta ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက အမေရိကန်ကိုလွဲပြောင်းပေးနေကြောင်း အာဏာပိုင်တွေက ပြောဆိုထားပြီး ဒါဟာ ဥရောပအချက်အလက်ကာကွယ်ရေး ဘုတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာလို့ ဆိုပါတယ်။

ဘုတ်အဖွဲ့ရဲ့ စည်းမျဉ်း ၄၆ ကိုချိုးဖောက်ခဲ့တဲ့ Meta ကုမ္ပဏီဟာ ဥပဒေနဲ့မညီကြောင်းနဲ့ ဒီလိုအချက်အလက်လွှဲပြောင်းပေးပို့မှုတွေကို ခြောက်လအတွင်း ရပ်ဆိုင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဒီလိုဒဏ်ရိုက်လိုက်တာကြောင့် အခြားသောနည်းပညာကုမ္ပဏီကြီးတွေကိုလည်း သတိပေးရာရောက်ပြီး နည်းပညာဆိုင်ရာ အလွဲသုံးစားမှုတွေကို ကာကွယ်နိုင်ဖို့ဖြစ်ကြောင်း ဥရောပအချက်အလက်ကာကွယ်ရေး ဘုတ်အဖွဲ့ ဥက္ကဌ အန်ဒရီရာဂျီလီနက်ခ်က ပြောပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဟာ အမေရိကန်နဲ့ နိုင်ငံအချို့မှာ စုံစမ်းစစ်ဆေးမှုတွေ၊ ဒဏ်ရိုက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Ref: IE/Reuters
#VOM #voiceofmyanmar #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW