ဇွန် ၁၇ – ၂၀၂၃
GG (VOM)
ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ မနေ့ ဇွန်လ ၁၆ ရက်နေ့ တစ်ရက်တည်း မိုးကြိုးပစ်ခံရလို့ ဒေသခံ ၄ ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုးကြိုးပစ်ခံရလို့ သေဆုံးသူတွေက ပုဏ္ဏားကျွန်းမြို့နယ်က ၃ ယောက် နဲ့ မြောက်ဦးမြို့နယ်က ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရရှိသူက ကျောက်တော်မြို့နယ် အောင်ဇေယျရွာက အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။
” မနေ့က ၃ နာရီလောက်ကပေါ့ မိုးတွေကရွာတယ်၊လေလည်းတိုက်တယ်၊ အဲ့ဒီမှာသူတို့က လယ်ထဲ ရေသွင်းတာ ရေပိတ်တာတွေလုပ်နေကြတာပေါ့။အဲ့ဒီမှာမိုးကြိုးပစ်ခံရတာ နေရာမှာပဲ ဆုံးတယ်။ နောက်ထပ်တစ်ရွာမှာလည်း အဲ့ဒီလိုပဲ မိုးကြိုးပစ်ပြီးတစ်ယောက်သေသေးတယ်။ မိုးရွာမှ စပါးစိုက်ဖို့ကလည်းလုပ်ရတာလေ “လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းပရဟိတကျောင်း ဆရာတော်ကမိန့်ပါတယ်။
ဖြစ်စဥ်မှာ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာမှာ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်က ဒေသခံဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဒေါ်ခိုင်ဇာနည်ဝင်း(ခ)မဲညို နဲ့ အသက်၁၉ နှစ်အရွယ် ကိုအောင်သိန်းချေတို့ဟာ လယ်ကွင်းထဲ ရှိနေစဥ် မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ဝမ်းတီးရွာမှာပဲ အသက် ၂၇ နှစ်အရွယ်ရှိ ကိုလုံးချေ ဆိုသူလည်း လယ်ထွန်ဖို့သွားစဥ် မိုးကြိုးပစ်ခံရပြီးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် မိုးကြိုးပစ်ခံရတဲ့သူကတော့ မြောက်ဦးမြို့နယ်၊ သူငယ်တော်ရွာက အသက် ၄၃ နှစ်အရွယ် ဦးအေးသိန်းထွန်း ဆိုသူဖြစ်ပြီး လယ်ကွင်းထဲမှာပဲမိုးကြိုးပစ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၅ ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ၂၀၂၃ခုနှစ် မိုးကြိုကာလဖြစ်တဲ့ ဧပြီလကနေ ဇွန်လ ပထမပတ် အထိဆိုရင် မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း မြန်မာတနိုင်ငံလုံးအနေနဲ့ဆိုရင် မိုးကြိုးပစ်တဲ့ ဖြစ်စဥ်ပေါင်း ၄၀ ထက်မနည်းရှိခဲ့ပြီး မိုးကြိုးထိမှန် သေဆုံးသူက ၁၀ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
#VOM #voiceofmyanmar #ရခိုင် #မိုးကြိုးပစ်လူသေဆုံးမှု