ပို့ကုန်ရငွေ ကြိုပေးရတဲ့စနစ်ကိုပယ်ဖျက်ပြီး ပို့ကုန်တန်ဖိုးရဲ့ ၂၀ ကနေ ၃၅ ရာခိုင်နူန်းကို အာမခံကြေးတင်သွင်းရမယ်

ဇွန် ၃၀ – ၂၀၂၃
GG(VOM)

နယ်စပ်ကနေ ပို့ကုန်တင်ပို့ခြင်းအတွက် ပိုကုန်ရငွေကြိုတင်ပေးသွင်းရမယ်ဆိုတဲ့စနစ်ကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။

ဒါကြောင့် ပို့ကုန်ရငွေကြိုသွင်းစရာမလိုဘဲ ပစ္စည်းတင်ပို့နိုင်ပေမယ့် အဲ့ဒီစနစ်အစား သက်တမ်း ၃ နှစ်နဲ့ အထက်ရှိတဲ့ ကုမ္ပဏီက ပို့ကုန်လိုင်စင်လျှောက်ထားမယ့် ပို့ကုန်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း၊ သက်တမ်း ၃ နှစ်အောက် ကုမ္ပဏီက ၃၀ ရာခိုင်နူန်းကို အာမခံကြေး (Deposit)အဖြစ် ကုန်သွယ်ရေးဦးစီးဌာနကို ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

“ပို့ကုန်သက်တမ်း ၃ နှစ်ကို သိပ်မယုံဘူး။၃နှစ်အထက်ကျ သက်တမ်းလည်းကြာပြီ မှန်ကယ်တယ်ဆိုပြီး ယုံတယ်ပေါ့ ၊အဝေးမှာဒေါ်လာတွေ ပတ်ဝယ်ပြီးထည့်ရတဲ့ဒုက္ခတွေကင်းဝေးသွားတာပေါ့။ဒါပေမယ့် ၂၀ %သွင်းရတော့ ငွေရင်းတစ်ရင်းထပ်ကုန်တော့ သိပ်အထူးခြားကြီးတော့မဟုတ်ပါဘူး။ဒါပေမယ့်အရင်ကထက်တော့လုပ်ရကိုင်ရတာ နည်းနည်းချောင်သွားတယ်လို့တော့ပြောလို့ရတာပေါ့။”လို့ နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပို့ကုန်အတွက် အာမခံကြေးပေးသွင်းမှုကို အမေရိကန်ဒေါ်လာ၊ ယွမ်၊ ဘတ် ၊ ကျပ် ငွေကြေးအမျိုးအစား တမျိုးမျိုးနဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးသွင်းနိုင်တယ်လို့သိရပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ကြေညာလွှာရရှိပြီးနောက် ၇ ရက်အတွင်းမှာ ပို့ကုန်ရငွေကို ကုမ္ပဏီရဲ့ ငွေစာရင်းကို ဝင်ရောက်ထို့ ဆောင်ရွက်ရမှာဖြစ်ပြီး ပို့ကုန်ရငွေ ဝင်လာတာနဲ့ပေးသွင်းထားတဲ့ အာမခံကြေးကို ပြန်လည်ထုတ်ပေးမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကနေ သိရပါတယ်။

တကယ်လို့ သတ်မှတ်ရက်အတွင်း ကုမ္ပဏီရဲ့ ငွေစာရင်းကို ပို့ကုန်ရငွေဝင်ရောက်ခြင်း မရှိပါက အာမခံကြေးကို သိမ်းယူမယ့်အပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကိုလည်း ပိတ်သိမ်းမှာဖြစ်တယ်လို့သိရပါတယ်။

” ပြည်ပက ဘယ်ဝယ်လက်ကမှ သူတို့ဆီ မပို့ရသေးတဲ့ Shipping document တွေ အသာထားအုံး လိုင်စင်ခွင့်ပြုချက်တောင် မရသေးတဲ့ မြန်မာကုမ္ပဏီကို ငွေကြိုမထည့်ပါဘူး။ ဒီတော့ Exporterတွေဟာ မိမိငွေ ၁၀၀% နဲ့ ဒေါ်လာကို ပြင်ပမှာ စျေးကွက်ပေါက်စျေးနဲ့ ဝယ်ရပြီး ပြည်ပက Third Party ကုမ္ပဏီတွေဆီ စိုက်လွှဲရတယ်။ ပြီးမှ မြန်မာဘဏ်ကို တဆင့် ပြန်လွှဲပြီး လွှဲငွေရဲ့ ၆၅ % ကို နိုင်ငံတော်ဆီ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ပေးသွင်းပြီးမှ Credit Advise ရပါတယ်။ အဲ့ဒီ Credit Advise နဲ့မှ ပို့ကုန်လိုင်စင် လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်။အခုကအသက်ရှူနည်းနည်းချောင်တာပေါ့ “လို့ နောက်ထပ် နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပြည်ပကို ကုန်ပစ္စည်းတင်ပို့မှုအတွက် ပို့ကုန်ရငွေ ကြိုတင် ပေးသွင်းရတဲ့ Advanced TT စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် ဇူလိုင်လမှာစတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အခု (၁) နှစ်အကြာမှာ ပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပို့ကုန်ရငွေကဏ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW