မြဝတီနယ်စပ်မှာ ပိတ်မိနေတဲ့ ပြောင်းကားအစီးရေ ၅၀၀ ကျော်ထဲက ၁၀ % လောက်သာ ကုန်သွယ်ခွင့်ရ

ဇွန် ၃၀ – ၂၀၂၃
GG (VOM)

ထိုင်းဘက်ကို တင်ပို့ခွင့်မရဘဲ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေတဲ့ ပြောင်းကား အစီးရေ ၅၀၀ ကျော်ကို မနေ့ ဇွန် ၂၉ရက်ကစပြီး လိုင်စင်ချပေးနေတာကြောင့် ပြောင်းကားအစီးရေအနည်းငယ် ထိုင်းဘက်ကို စတင်ကုန်သွယ်မှု လုပ်နေပြီလို့ သိရပါတယ်။

ဒါပေမယ့် ကားတွေအကုန်လုံး ကုန်သွယ်ခွင့်မရသေးဘဲ ပိတ်မိနေတဲ့ ကားအစီးရေ ၅၀၀ ကျော်ထဲက ၁၀ ရာခိုင်နူန်းလောက်သာ ကုန်သွယ်မှုလုပ်နိုင်ပြီး ၉၀ ရာခိုင်နူန်းကတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။

” မနေ့ကတော့ လိုင်စင်တချို့ စ ချပေးနေတာပေါ့။သိပ်​တော့မပြေလည်သေးဘူး၊အစီး ၅၀၀ ကျော်ကတော့ ၁၀ % ပဲအဆင်ပြေတယ်။၉၀ က ကျန်သေးတယ်။ အထက်ကတော့ဖြေလျှော့လိုက်တယ် အောက်ကလိုက်မလုပ်သေးတာပေါ့။ဒါပေမယ့် မူဝါဒအားလုံးတော့ဖြေလျှော့ပေးသွားပါပြီ။ဒါပေမယ့်အောက်က operation ကလုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတော့ သူတို့ကလုပ်ဖို့ဆိုပြီးအချိန်နည်းနည်းယူတဲ့သဘောတော့ရှိတာပေါ့”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုဇွန်လ ၁၅ ရက်နေ့မှာ ကုန်သွယ်ရေးဦးစီးဌာနဘက်က မူဝါဒအသစ်ကို ရုတ်တရက်ပြောင်းလိုက်တာကြောင့် ပြောင်းကား အစီးရေ ၅၀၀ ကျော်ဟာ ထိုင်းဘက်ကိုတင်ပို့ခွင့်မရဘဲ မြဝတီနယ်စပ်မှာ ပိတ်မိ နေတာ ဖြစ်ပြီး ပိတ်မိနေတဲ့ကာလ နိုင်ငံခြားဝင်ငွေလည်းမရသလို ကုန်သည်တွေအတွက်လည်း ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိမှာ ပိတ်မိနေတဲ့ ပြောင်းကားတွေအကုန်လုံး အမြန်ဆုံး ကုန်သွယ်ခွင့်ရရှိဖို့အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

“မြဝတီမှာ လိုင်စင်လျှောက်ဖို့ ငွေထည့်ပေးတဲ့ ပြည်ပကုမ္ပဏီနာမည်နဲ့ ဝယ်ယူမယ့် ကုမ္ပဏီနာမည် မတူတာကြောင့် ဇွန်လ ၁၆ ရက်ကစပြီး Form D (Export Declaration)ပို့ကုန်ကြေညာလွှာ မထုတ်ပေးလို့ ကားအစီး ၅၀၀ ကျော် ရောင်းချလို့ မရတဲ့ ပြသာနာ ဖြစ်ခဲ့တာပေါ့ ။ဒီနေ့တော့ တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်။ကားတွေကုန်သွယ်ခွင့်ရဖို့ပေါ့။ကျနော်တို့ တရားဝင်သွားနေသူတွေကိုတော့ကန့်သတ်နေပြီး မှောင်ခို ၊တရားမဝင် လမ်းကြောင်းကို ဖွင့်ပေးထားတာက ကျနော်တရားဝင်သွားနေသူသူတွေက နည်းမှန် လမ်းမှန်လုပ်မရဖြစ်လာတယ်”လို့ ပြောင်းလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းကနေ တင်ပို့​နေတာနဲ့ပတ်သက်ပြီးလည်း တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့နိုင်တဲ့ကာလကတော့ ဖေဖော်ဝါရီလကနေ လာမယ့် သြဂုတ်လကုန်အထိဖြစ်ကြောင်း ၊ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်းပြီးပါက ပြောင်းစျေး အေးသွားနိုင်တယ်လို့သိရပါတယ်။

ဒီနေ့ ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်စျေးက ပြောင်း တစ်ပိသာကို ၁၂၀၀ ကနေ ၁၂၂၀ ဖြစ်ပြီး ထိုင်းစျေးကွက်မှာတော့ ပြောင်းစျေးအေးနေတယ်လို့ သိရပါတယ်။

ပြောင်းကိုတော့ ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင်စတဲ့ ပြည်ပနိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ ထိုင်းကို​တော့ အခွန်ကင်းလွတ်ရတဲ့ခုကာလမှသာ တင်ပို့တာဖြစ်ပေမယ့် လက်ရှိအများဆုံးတင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

ပြည်ပနိုင်ငံတွေကို ပြောင်းတင်ပို့မှုအနေနဲ့က တနှစ်ကို မက်ထရစ်တန်ချိန် ၂သန်းအထက်တင်ပို့မှုရှိပြီး အမေရိကန်ဒေါ်လာ သန်း၆၀၀ လောက်ရရှိတဲ့ ပြည်တွင်းထုတ်ကုန်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာတော့ ပြောင်းကို မွေးမြူရေးအစာအတွက် အသုံးပြုတာဖြစ်လို့ သုံးစွဲမှုနည်းပြီး ပြည်ပကိုသာအဓိက အားထားတင်ပို့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ပြောင်းတင်ပို့မှု

Related posts

Leave a Comment

VOM News

FREE
VIEW