VOM ရဲ့ တပတ်အတွင်း စီးပွားရေး သတင်းမြင်ကွင်း

– ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေလဲနှုန်း စံချိန်တင်မြင့်တက်နေ
– ကမ္ဘာ့ရေနံ၀ယ်လိုအား တနေ့ကို စည်ပေါင်းသန်း ၁၁၀ ကျော်ထိ မြင့်တက်လာဖွယ်ရှိ
– ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု မျှော်မှန်းထားတာထက် ကျဆင်း
– အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှု ယခုနှစ်ဆန်းပိုင်းမှာ ပိုမိုကောင်းမွန်လာ

MSN (VOM)
ဇွန်-၃၀-၃၀၂၃

(၁) ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေလဲနှုန်း စံချိန်တင်မြင့်တက်နေ
ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာပြီး ထိုင်းတဘတ်ကို ကျပ် ၉၀ ကျော်အထိ ဖြစ်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒီနေ့ ဇွန်လ ၃၀ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်ဈေးအရ ထိုင်းဘတ် ဗဟိုဘဏ်သတ်မှတ်ဈေး ၆၀ ဒသမ ၃၇ ၊ ပြင်ပပေါက်ဈေး ၉၁ ဒသမ ၆၀ ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က ထိုင်းတစ်ဘတ်ကို မြန်မာငွေလဲနှုန်း ၈၅ ကျပ်ဝန်းကျင်သာရှိခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိမှာ ဘတ်ဈေးတွေတက်နေလို့ ထိုင်းကနေ မြန်မာနိုင်ငံထဲ ဝင်ရောက်နေတဲ့ ထိုင်းအလှကုန်၊ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ဈေးတွေ ထပ်တက်လာတယ်။ အဲ့ဒါကြောင့် ပစ္စည်းအဝယ်‌တွေ အကုန်ရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေတာ။ ဝယ်ထားရင်လည်း ရှုံးမှာချည်းပဲလေ” လို့ ထိုင်းမှ လူသုံးကုန်ပစ္စည်း တင်သွင်းရောင်းချနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာပြီးတဲ့နောက် ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ဈေးပါ တဖြည်းဖြည်း မြင့်တက်လာလို့ ထိုင်းနိုင်ငံက ပစ္စည်းမှာယူရောင်းချနေတဲ့ လက်လီလက်ကားဆိုင်တချို့ ဈေးနှုန်းစောင့်ကြည့်ကာ အမှာတချို့ ရပ်ထားကြတယ်လို့ သိရပါတယ်။

(၂) ကမ္ဘာ့ရေနံ၀ယ်လိုအား တနေ့ကို စည်ပေါင်းသန်း ၁၁၀ ကျော်ထိ မြင့်တက်လာဖွယ်ရှိ
ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာ့ရေနံ၀ယ်လိုအားဟာ တနေ့ကိုစည်ပေါင်းသန်း ၁၁၀ ကျော်ထိမြင့်တက်လာပြီး ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့(အိုပက်) ကပြောပါတယ်။
၂၀၄၅ ခုနှစ်ထိ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်ဟာ ၂၃ ရာခိုင်နှုန်းတိုးလာပြီး ရေနံဟာ မျှော်မှန်းမရနိုင်တဲ့ အနာဂတ်အတွက် အစားထိုးလို့မရနိုင်သေးကြောင်း အိုပက်အဖွဲ့ အတွင်းရေးမှူးချုပ် Haitham Al Ghais ကပြောပါတယ်။
လာမယ့်နှစ် ၂၀ အတွင်း ရေနံစွမ်းအင်ရောနှောမှုရဲ့ ၂၉ ရာခိုင်နှုန်းထိ ရှိနေနိုင်ကြောင်း သူကပြောပါတယ်။ ရေနံဓါတုလုပ်ငန်းနဲ့ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွေကြောင့် ကမ္ဘာ့ရေနံလိုအပ်ချက်ဟာ ၂၀၂၈ ခုနှစ်မှာ စည်ပေါင်း ၁၀၅ ဒသမ ၇ သန်းရှိလာပြီး ၂၀၂၂ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း တိုးလာမယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ( အိုင်အီးအေ)ကလည်း ခန့်မှန်းထားပါတယ်။
ရေနံလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုနည်းပါးခြင်းဟာ လက်ရှိစွမ်းအင်စနစ်တွေရဲ့ ရှင်သန်နိုင်စွမ်းကို စိန်ခေါ်ပြီး စွမ်းအင်မငြိမ်မသက်မှုကို ဦးတည်းသွားနိုင်ကြောင်း အိုပက်အဖွဲ့ အတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။

(၃) ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု မျှော်မှန်းထားတာထက် ကျဆင်း
ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (MPI)ဟာ တင်ပို့မှုနှေးကွေးနေတာကြောင့် မေလအတွင်း မျှော်မှန်းထားတာထက် ၃ ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထိုင်းစက်မှု၀န်ကြီင်္းဌာနက ဇွန် ၃၀ ရက်မှာပြောပါတယ်။
ဇန်နဝါရီလကနေ မေလအတွင်း ကုန်ထုတ်လုပ်မှုဟာ ယခင်နှစ်အလားတူကာလကထက် ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းစက်မှုကုန်စည် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အကောက်ခွန်အခြေခံတင်ပို့မှုဖြစ်ပါတယ်။
ပို့ကုန်တင်ပို့မှုတွေ နည်းပါးခဲ့ပေမယ့်လည်း အရေးပါတဲ့ ခရီးသွားကဏ္ဍခိုင်မာမှုနဲ့ ရင်းနှီးမြုပ်နှံမှု မြင့်မားတာတွေကြောင့် ပြည်တွင်၀ယ်လိုအားတိုးလာတယ်လို့ စက်မှု၀န်ကြီင်္းဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ချမှတ်ထားတဲ့ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီးနောက်မှာ ခရီးသွားကဏ္ဍနဲ့ ရင်းနှီးမြုပ်နှံမှုကဏ္ဍတွေမှာ တိုးတက်လျှက်ရှိနေကြောင်း ထိုင်းတာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။

(၄) အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှု ယခုနှစ်ဆန်းပိုင်းမှာ ပိုမိုကောင်းမွန်လာ
အမေရိကန်ရဲ့စီးပွားရေးတိုးတက်မှုဟာ ယခုနှစ်ဆန်းပိုင်းမှာ ယခင်မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်လာကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။
ယခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ရဲ့စီးပွားရေးတိုးတက်မှုဟာ ၂ ရာခိုင်နှုန်းထိတိုးလာကြောင်း အမေရိကန် ကုန်သွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ ယခင်ကတော့ စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၁ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ထိုသို့ စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားမှုကြောင့် စားသုံးသူအသုံးစရိတ်အပြင် ပို့ကုန်တင်ပို့မှုတွေလည်း ယခင်ကထက် ပိုမိုများပြားခဲ့ကြောင်း အမေရိကန်သွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ဗဟိုဘဏ်ဟာ ကုန်စျေးနှုန်းကြီးမြင့်တာတွေကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားတွေကို ဖြေလျှော့ဖို့ရည်ရွယ်ပြီး စီးပွားရေးတည်ငြိမ်ဖို့ အားထုတ်နေကာ ၂၀၂၂ ခုနှစ် မတ်လမှစပြီး သူ့ရဲ့ အဓိကအတိုးနှုန်းကို ၅ ရာခိုင်နှုန်း မြှင့်တင်ခဲ့ပါတယ်။

Ref: CNBC/Reuters
#voiceofmyanmar #VOM #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW