တငွေ့ငွေ့ တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း

ဇူလိူင် ၁၂-၂၀၂၃
GG(VOM)
 
ပြည်တွင်း စားသုံးဆီစျေး လက်လီစျေးကွက်မှာ တစ်ပိဿာကို အမြင့်ဆုံး ၁၀၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက် လာသလို အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပြန်လည်မြင့်တက်လာတာကြောင့် ပြည်သူတွေအားလုံး အဆင်မပြေဖြစ်နေကြရတယ်လို့ သိရပါတယ်။
 
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ ဂျင်း ၊အရောင်တင်မှုန့် ၊ အချိုမှုန့် ၊သကြား အပါအဝင် စတဲ့ နေ့စဥ် မဖြစ်မနေအသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအားလုံး စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
ဂျင်းတက်ဆိုရင် တစ်ပိဿာကို ၃၀၀၀ ခန့်ကနေ လက်ရှိမှာ ၉၀၀၀ ကျပ်အထိဖြစ်လာပြီး ကြူကုတ်ကြက်သွန်ဖြူက ၈၅၀၀ ကျပ်၊ ဗမာကြက်သွန်ဖြူက ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိရှိပြီး အာလူးက ၃၅၀၀ ကျပ်နဲ့ ကြက်သွန်နီကလည်း တစ်ပိဿာ ကို ၃၀၀၀ ကျပ်အထိ အမြင့်စျေးတန်းမှာပဲ ရှိနေပါသေးတယ်။
 
” ဆီက အရင်ရက်က ပြန်တက်တာ ၉၀၀၀ ၊ မနေ့ကဝယ်တာ ၁၀၀၀၀ ဖြစ်သွားပြီ၊ဂျင်းတက်ဆိုထင်တောင်မထင်ရဘူး အတက်ကြမ်းတာ။ကြက်သွန်ဖြူဆိုလည်း ၁၀၀၀၀ နားကပ်။စျေးတွေက တက်တာအရမ်းမြန်တယ်၊ကျဖို့ကျ လနဲ့ချီစောင့်ရတယ်။ကုန်စျေးနူန်းတွေက ဘယ်သူမှမထိန်းနိုင်တော့ဘူးထင်ပါတယ်။ လက်လုပ်လက်စားသမားတွေဘဝ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေပြီ။ တနေ့တနေ့ နပ်မှန်အောင်စားရဖို့ကို မသေရုံတမယ် လုပ်စားနေရတယ်၊အလုပ်အကိုင်ကရှားပါး။ရတဲ့ဝင်ငွေနဲ့က မလောက်ငှတော့ တော်တော်ကို အဆင်မပြေကြတော့ဘူး ” လို့ စားသုံးသူ ကလေးနှစ်ယောက်မိခင်ဖြစ်သူတစ်ဦးကပြောပါတယ်။
 
နောက်ပြီး အသားငါးစျေးတွေလည်း မြင့်တက်လာရာ ကြက်သား တစ်ပိဿာကို ၁၂၀၀၀ ကနေ ၁၄၀၀၀ ကျပ်၊ ငါး တစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာကို အမြင့်ဆုံး ၂၂၀၀၀ ကျပ် ၊ အမဲသား တစ်ပိဿာကို ၁၅၀၀၀ ကျပ် စသဖြင့် စျေးနူန်းတွေ မြင့်တက်နေတယ်လို့ သိရပါ တယ်။
 
ကုန်စျေးနူန်းတွေကသာ မြင့်တက်လာပြီး အခြေခံလုပ်ခလစာတွေ တိုးမလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားလာခြင်း စတဲ့အခက်အခဲတွေကြောင့် အခြေခံလူတန်းစားတွေ ၊ လက်လုပ်လက်စားသမားတွေအပြင် လူလတ်တန်းစား မိသားစုတွေအားလုံးပါ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြရပါတယ်။
 
” နေ့တိုင်းအလုပ်ကရှိချင်မှရှိတယ်ဗျာ၊လုပ်ရတဲ့ရက်က ၈၀၀၀ ရတယ်၊ပန်းရံအကြမ်းသမားပါ၊ ရွာကနေ မြို့ကို ဆိုင်ကယ်နဲ့သွားလုပ်ရတယ်၊ ထမင်းထုတ်ရတဲ့စရိတ်၊ ဆီဖိုး ၊ လမ်းသုံးဖို့ စရိတ်နည်းနည်း အဲ့ဒီမှာတင် ၃၀၀၀ လောက်ပြုတ်တယ်။ ရတာက ၈၀၀၀ ဆိုတော့ ၅၀၀၀ ပဲကျန်တယ်။ မိသားစုက ၄ ယောက်ရှိတယ်။ တနေ့ဆန်ဖိုးကတင် ၂၅၀၀ ကုန်တယ်၊ ကျန်တဲ့ဟာ ကုန်ကျမှု ကလေးကျန်းမာရေး၊အာဟာရ၊မုန့်ဖိုး ၊ကျောင်းစရိတ် ဘယ်လိုမှအလျဥ်မမှီဘူးဖြစ်နေတယ်။တစ်ရက်အလုပ်နားရတာနဲ့ မိန်းမနဲ့ ရန်သတ်ရတာပဲ ။စိတ်တွေလည်း အရမ်းပင်ပန်းရပါတယ်ဗျာ”လို့ မိသားစု၄ယောက်ကို ရှာဖွေလုပ်ကိုင်ကျွေးမွေးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
 
ဒါ့ကြောင့် အလုပ်အကိုင်ရှားပါးခြင်း ၊ စားဝတ်နေရေး မပြေလည်ခြင်းနောက်ဆက်တွဲဆိုးကျိုးအဖြစ် မိသားစုရေး ပြဿနာတွေဖြစ်ပွားလာကြတာ ရှိသလို ၊ လုယက်မှုတွေ၊ ပစ္စည်းခိုးသူတွေလည်း များလာတယ်လို့သိရပါတယ်။
 
” ဘာတွေတက်လဲမမေးနဲ့ ရှိသမျှပစ္စည်းအကုန်တက်နေတာ ၊ ကလေးတစ်ယောက်မုန့်ဖိုးက တစ်ရက် ၁၀၀၀ လောက်ရှိတယ်။ ဘယ်လိုမှကိုအဆင်မပြေဘူး။ထိန်းပေးကြပါအုံးလို့ ပြောချင်ပါတယ်။ အခုလို ကုန်စျေးနူန်းတွေတက်တာ တစ်သက်လုံးမကြုံဖူးဘူး။ ကျနော့်အသက် ၅၀ ရှိပါပြီ၊ အခုကာလ စျေးတွေတက်တာ အတော်ကိုဆိုးလွန်းနေပါပြီ “လို့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကပြောပါတယ်။
 
ကြက်ဥတစ်လုံးကို ၁၁၀ ကနေ လက်ရှိမှာ ၂၈၀ ၊ ၃၀၀ အထိရှိနေပြီး ကော်ဖီမစ် ၁၀၀ ကျပ်တန်ကလည်း ၂၅၀ ကျပ်ကနေ ပြန်လည်ကျဆင်းခြင်းမရှိသလို အရောင်တင်မှုန့် တစ်ဆယ်သားကို ၂၆၀၀ ကျပ်အထိ ရှိနေကာ အလှကုန်တွေဖြစ်တဲ့ ခေါင်းလျှော်ရည် တစ်ထုတ် ၁၀၀ ကျပ်တန်တွေကလည်း ၂၀၀ ကျပ်ကနေ အခုချိန်ထိ ပြန်လည်ကျဆင်းခြင်းမရှိပါဘူး။
 
” ကုန်သည် ၊စျေးသည် ဆိုတာကတော့ စျေးတက်လာရင် ချက်ခြင်း တက်ရောင်းကြတာထုံးစံလိုဖြစ်နေတယ်။သူတို့နစ်နာတော့မခံကြဘူး။ စျေးကျရင်သာ တန်းချမရောင်းတာ၊အတက်စျေးနဲ့မိထားလို့ ဆိုပြီး ထိန်းရောင်းကြတဲ့သဘောရှိတယ်။ ဒီတော့ စျေးတက်တာဖြစ်ဖြစ် ကျတာဖြစ်ဖြစ် တကယ်ထိတာ စားသုံးသူပါပဲ ။ဒါ့ကြောင့် စျေးကွက်ကိုတည်ငြိမ်အောင် တာဝန်ရှိသူတွေကစနစ်တကျကို ထိန်းမှရမယ့်အခြေအနေဖြစ်နေတာပေါ့။ခက်တာက အခုက ပေါ်လစီတွေကလည်း ခဏခဏပြောင်းနေတယ်၊ ငွေလွှဲနူန်းတွေကလည်း ကသိကအောက်ဖြစ်တယ်၊ ဖြစ်တဲ့ကိစ္စတွေက စုံနေတော့ စျေးကွက်ကလည်း မငြိမ်ဘဲ လှုပ်နေသလိုရှိနေတာပေါ့ ။စျေးမကျရင်တောင် ထပ်မတက်အောင်တော့ သေချာကိုလုပ်ရမှာပါ “လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောဆိုပါတယ်။
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး ၂၀၂၃ ဇူလိုင် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဥ် ပြောဆိုခဲ့ပါတယ်။
 
“အများပြည်သူ အခက်အခဲအကြပ်အတည်း တွေ့ကြုံနေချိန်မှာ ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းတဲ့သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို သတ်မှတ်ဈေးနှုန်းထက် မတန်တဆ ဈေးနှုန်းနဲ့ မြှင့်တင်ရောင်းချတာတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုကြောင်း ” ပြောဆိုခဲ့ပါတယ်။
 
စျေးနူန်း မြှင့်တင်ရောင်းချသူတွေကို ဥပဒေအရ ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေးဖို့ ၊စနစ်တကျဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒါပေမယ့် လက်ရှိမှာတော့ အခြေခံကုန်စျေးနူန်းတွေအပြင် အခြားသော အိမ်ဆောက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်း ၊ အလှကုန် ၊ ဆေးဝါး ပစ္စည်း စတာတွေရဲ့စျေးနူန်းတွေလည်း အမြင့်စျေးတန်းမှာပဲ ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်က လက်လုပ်လက်စားသမားတစ်ယောက်ရဲ့ တစ်နေ့ ဝင်ငွေ ၈၀၀၀ ကျပ်ဟာ မိသားစုစားဝတ်နေရေး လုံလောက်တဲ့အပြင် အပိုငွေစုဆောင်းတာမျိုးအထိပင် ပြုလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာ တနေ့တခြားမြင့်တက်လာနေတဲ့ကုန်စျေးနူန်းတွေ ကုန်ကျစရိတ်မြင့်တက်မှုတွေကြောင့် ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #အခြေခံစားသောက်ကုန်ဈေးနူန်း #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW