မတ္တရာမြို့နယ်မှာ ဘုန်းတော်ကြီးသင်စာသင်ကျောင်း ဆရာတော် အသတ်ခံရ

သြဂုတ် ၊ ၉ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ မော်နီကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဆရာတော်ဟာ မနေ့ သြဂုတ် ၈ ရက်ညပိုင်းက ကျောင်းထဲမှာရှိနေစဥ် သတ်ဖြတ်ခံရတယ်လို့ အဲ့ဒီဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ ဆရာတော်က ဥူးစန္ဒိမာ သက်တော် ၄၁ နှစ် ၊ ဝါတော် ၂၀ ဖြစ်တယ်၊ ဆရာတော်က ရွာမှာ ဘုန်းတော်ကြီးသင် ပညာရေးအတွက် စာသင်ကြားနေပြီ ကျောင်းသား/ကျောင်းသူ အယောက် ၂၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးထားတာဖြစ်တယ် ၊ ဆရာတော်ကို အငြိုးတကြီးနဲ့သတ်တာဖြစ်နိုင်တယ် ၊ ဦးခေါင်း ၊ လည်ပင်း ၊ ဝမ်းဗိုက် ၊ ခြေတောက် ၂ ဘက်စလုံး ဓားဒဏ်ရာတွေ နေရာအနှံ့နဲ့ ပျံလွန်တော်မူနေတယ်”လို့ မော်နီကုန်းကျေးရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မတ္တရာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆရာတော်ရဲ့ရုပ်ကလပ်တော့ ဆေးရုံရောက်ပြီ ၊ မှုခင်းဆေးပညာအရ မှတ်တမ်းယူဖို့ပဲ လုပ်နေတယ် ၊ လူအုပ်စုလိုက် ဓားနဲ့ဝင်ခုတ်တာဖြစ်နိုင်တယ် ၊ အမှုဖွင့်စုံစမ်းနေဆဲဖြစ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်၂၅ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ အင်းစိန်ကျေးရွာမှာရှိတဲ့ ရွှေပါရမီ ဘုန်းကြီးကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဓမ္မစကူလ်း ဦးဆောင် ဆရာတော်တပါး သတ်ခံရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဘုန်းကြီး ၇၆ ပါးနဲ့ သီလရှင် ဆရာကြီး ၁ ပါး ပျံတော်မူခဲ့တယ်လို့ ဒေသခံ ပရဟိတသမားရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW