ခိုးဆိုးလုယက်မှုတွေကြားက ရန်မကုန်သေးတဲ့ ရန်ကုန်

SN (VOM)
သြဂုတ်-၁၂-၂၀၂၃

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေဟာ အချိန်နေရာမရွေး၊ အသက်ကြီးငယ်မရွေး ကျူးလွန်ခံနေရပြီး နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။

ဟိုအရင် ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာတော့ ပစ္စည်းကိုပဲ လုယူတာအများစုဖြစ်ပြီး လူ့အသက်ကို ရန်ရှာတာ၊ အသက်သေတဲ့အထိ ပြုလုပ်တာ အလွန် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်၊ အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစရာ ကြားသိနေရပါတယ်။

လုယက်မှု၊ လူသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာရှိသလို အိမ်ထဲ၊ ဆိုင်ထဲအထိဝင်ပြီး လုယက်တာ၊ လူစည်ကားရာ နေရာတွေကိုတောင် မရှောင်၊ နေ့ဘက်အချိန်တွေမှာတောင် အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။

အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုကတော့ဩဂုတ် ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ (၆) ရပ်ကွက်၊ ရေကျော်လမ်းမရှိ KM Export Fashion အထည်ဆိုင်မှ ဝန်ထမ်းအမျိုးသမီးသုံးဦးကို အမျိုးသားတစ်ဦးက ဓားထောက်ပြီး ဖုန်းနဲ့ ငွေသားတချို့ကို လုယူသွားမှု ဖြစ်ပါတယ်။

အဲ့ဒီ့ ဓားပြတိုက်မှုမှာ ကျူးလွန်သူဟာ ဝန်ထမ်းသုံးဦးကို ဆိုင်အနောက်ဘက်မှာ ကြိုးတွေတုပ်ခဲ့ကာ ဆိုင်အတွင်းက ဖုန်းတွေနဲ့ ငွေသားတွေကို ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိဘူးလို့ သိရသလို ပုဇွန်တောင်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ် တိုင်ကြားထားတယ်လို့ အဲ့ဒီ့ဆိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီလူက သူ့အကြံနဲ့မို့ ဆိုင်ထဲမှာ နာရီဝက်လောက်ပတ်နေပြီး သူ့ကောင်မလေးအတွက် အင်္ကျီလိုချင်လို့ ရှာပေးပါ၊ သူ့ဖုန်းထဲကပုံပြမယ်၊ ဒီလိုဟာလေးလို့ ပြောပြီး ဆိုင်ကဝန်ထမ်းတွေကို လူစုသွားအောင်လုပ်ပြီးမှ အိတ်ထဲကနေ ဓါးထုတ်လိုက်တာပါ။ ဝန်ထမ်းတွေကလည်း တစ်ခါမှ မကြုံဖူးတော့ သူ့ကို စေတနာနဲ့ လိုက်မယ့်အထည်ဝိုင်းပြပေးနေကြတာပါ။ သူ့ဖုန်းကိုကြည့်ဖို့ ဆိုင်ကသုံးယောက်က အနားစုသွားတဲ့အချိန် သူက ဓားထုတ်ပြီး မအော်နဲ့ဆိုပြီး ဆိုင်အနောက်ထဲထည့် ကြိုးတွေတုပ်ခဲ့တာ။ သူက ဦးထုပ်ကော mask ပါတပ်လာလို့ သူ့မျက်နှာကိုတော့ အတိအကျ အသေအချာမမြင်ရပါဘူး လို့ သူက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ့နေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာပဲ သာကေတမြို့နယ်မှာ အသက် (၆၀) ဝန်းကျင်ခန့် အငှားယာဉ်မောင်းနှင်သူကို ဝက်အူလှည့်နဲ့ထိုးကာ အငှားယာဉ်တစ်စီး လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီ့ လုယက်မှုဖြစ်စဉ်မှာ အငှားယာဉ်နဲ့အတူ ငွေသားတစ်သိန်းခွဲခန့် ပါသွားခဲ့ပြီး အငှားယာဉ်မောင်းကတော့ ဓားဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းမှာလည်း အဲ့ဒီ့နေ့ ဩဂုတ် ၈ ရက်မှာပဲ ကားလုယက်မှု နောက်တစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးက အငှားယာဉ်မောင်းကို ဓားနဲ့ထောက် ကားပေါ်ကဆင်းခိုင်းကာ ကားကို မောင်းထွက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့နေ့ ညနေပိုင်းမှာပဲ ဗိုလ်တထောင်မြို့နယ်၊ အလယ်ဘလောက်မှာ အမျိုးသမီးတစ်ဦးပါဝင်တဲ့ ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဗိုလ်တထောင်မြို့နယ်၊ (၅) ရပ်ကွက်၊ ၅၂ လမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား၊ အမှတ် (၂၉) မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ Best Century Travel and Tour ကို ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က 7N/8293 Ford ကားအနက်နဲ့ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦးရောက်လာကာ သေနတ်ပစ်ဖောက်ပြီး ငွေကျပ်သိန်း ၁၅၀၀ ကို ဓားပြတိုက်ယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်တဲ့အချိန်တုန်းက ဓားပြတွေရောက်လာတဲ့အချိန်မှာ ဆိုင်ထဲမှာ ဝန်ထမ်း (၈) ယောက်လောက် ရှိနေတယ်လို့ သိရတယ်။ ရုံးကြမ်းပြင်ကို ပစ္စတိုသေနတ်နဲ့ပစ်ပြီး ရုံးက ပီနံအိတ်နဲ့ထည့်ထားတဲ့ ငွေကျပ် သိန်း ၁၅၀၀ ကို လုယူသွားခဲ့တာပါ။ ဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ ကျူးလွန်သူတွေကို မရမ်းကုန်းမြို့နယ်၊ အေဒီမီးပွိုင့်မှာ ဖမ်းဆီးရမိခဲ့တယ် လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်သူတွေကို သက်ဆိုင်ရာက ပိတ်ဆို့ရှာဖွေရာမှာ ကျူးလွန်သူတွေ အသုံးပြုတဲ့ကားကို မရမ်းကုန်းမြို့နယ်၊ အေဒီမီးပွိုင့်မှာ တွေ့ရှိခဲ့တာကြောင့် ရှာဖွေဖမ်းဆီးရာ အမှု ကျူးလွန်သူတွေဖြစ်တဲ့ လှိုင်သာယာနေ အားချီ (၂၁ နှစ်)၊ လှိုင်မင်းထွန်း (၁၆ နှစ်)၊ မရီရီ (၂၆ နှစ်) တို့ သုံးဦးကို Sigsaure ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ဓားပြတိုက်လုယူသွားတဲ့ ငွေကျပ်သိန်း ၁၅၀၀ တို့နဲ့အတူ ဖမ်းဆီးရမိပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၇ ရက်၊ မွန်းလွဲ ၃ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကလည်း အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်မှာ အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၄၃ နှစ်ဝန်းကျင်ရှိပြီး နှာနုရိုး၊ ဘယ်ဘက်ပါးနဲ့ လည်ပင်းတို့မှာ ပြတ်ရှဒဏ်ရာတွေရရှိကာ သေဆုံးနေတဲ့အတွက် ဒေသခံလူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ် ၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ရန်ကင်းမြို့နယ်ရှိ The Skin Studio အလှပြင်ဆိုင်မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အလှပြင်ဆိုင်အတွင်း ဝင်ရောက်လာပြီးနောက် ဝန်ထမ်းအမျိုးသမီး (၄) ဦးကို သေနတ်အတိုတစ်လက်နဲ့ ခြိမ်းခြောက် ကြိုးတုပ်ကာ သူတို့ရဲ့ပါးစပ်တွေကို တိပ်နဲ့ပိတ်ခဲ့ပြီး ဆိုင်အတွင်းရှိ ငွေကြေးတချို့နဲ့ ဖုန်း (၃) လုံးကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အဲ့ဒီ့ ဩဂုတ် ၃ ရက်နေ့၊ ည ၉ နာရီခွဲလောက်မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှာ တက္ကစီသမားနဲ့ ပွဲစားတွေက ခရီးသည်တစ်ယောက်ဆီကနေ ငွေကြေးနဲ့ လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရတဲ့ ခရီးသည်ဆီက သိရပါတယ်။

လုယက်ခံရမှုကြောင့် ပိုက်ဆံ ၁ သိန်းခွဲကျော်လောက် ပါသွားခဲ့ပြီး ဖုန်းတော့ ပါမသွားဘူးလို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ လုယက်ခံရတဲ့ခရီးသည်ဟာ တက္ကစီကားပေါ်ကနေ ခုန်ချ ထွက်ပြေးနိုင်ခဲ့ပြီး ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ အခုလိုမျိုး ခရီးသည်တွေဆီကနေ အုပ်စုဖွဲ့လုယက်မှုတွေ ကျူးလွန်နေပေမယ့် လုယက်သူတွေကို အဝေးပြေး လုံခြုံရေးရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေအရ ထိထိရောက်ရောက် အရေးယူတာမျိုး မတွေ့ရသေးဘူးလို့ ခရီးသည်တွေက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၁ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ Sunshine Smile baby cloth wholesale & retail ကလေးပစ္စည်း အရောင်းဆိုင် ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး အုတ်နံရံပါဖြိုချကာ ဖောက်ထွင်း ခိုးယူခဲ့တာကြောင့် ဆိုင်ရှိ ပစ္စည်းအားလုံးနီးပါး ပါသွားခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဆိုင်ရှိပစ္စည်းအားလုံး ကျွန်မတို့ stock (ရောင်းချရန် သိုလှောင်ထားသောကုန်) ထားထားတာတွေအကုန်လုံး သူတို့ ယူသွားတယ်။ သူတို့ မနိုင်တဲ့ပစ္စည်းတွေ အထဲကအထည်တွေကျတော့ ထုတ်ပြီးယူသွားတာပေါ့။ နည်းနည်းပါးပါးပဲ ထားခဲ့တာ လို့ သူက ပြောပါတယ်။

အခုဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဩဂုတ် ၁ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပြီး လက်လှမ်းမီသမျှ ရရှိထားတဲ့ သတင်းအချက်အလက်တွေသာဖြစ်ကာ သတင်းဖော်ပြခဲ့ခြင်းမရှိတဲ့ လုယက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့တွင်း နေထိုင်သူတွေက ပြောပါတယ်။

ဩဂုတ် ၁ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကိုကြည့်ရင် ခိုးဆိုးလုယက်မှုတွေဟာ ဩဂုတ် ၈ ရက်နေ့မှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ့နေ့ တစ်ရက်တည်းမှာတင် အထည်ဆိုင်နဲ့ ခရီးသွားကုမ္ပဏီ လုယက်ခံရမှု (၂) မှု၊ အငှားယာဉ်လုယက်ခံရမှု (၂) မှု၊ စုစုပေါင်း လူယက်မှု (၄) ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခုလို လုယက်တာ၊ ဓားပြတိုက်တာ၊ အိမ်တွေကိုဖောက်ထွင်းတာ၊ အနုကြမ်းစီးတာ၊ ဘဏ်တွေမှာ ငွေကျပ်သိန်းထောင်ချီကို ဓားပြတိုက်တာအပြင် ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေလုယက်ခံရတာ၊ ခါးပိုက်နှိုက်ခံရတာမျိုး၊ ပြန်လည်ခုခံသူတွေကိုပင် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ၊ အသက် သေဆုံးသည်အထိ အန္တရာယ်ပေးတာတွေဟာ ၂ နှစ်ခွဲကျော် ကာလအတွင်း မြို့ပြ၊ ကျေးရွာပါမကျန် နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ခိုးဆိုးလုယက် လူသတ်မှုတွေဟာ လူခြေတိတ်ချိန် ညပိုင်း အချိန်တွေသာမက နေ့လယ်နေ့ခင်းတွေမှာပါ ဖြစ်ပွားနေသလို လူပြတ်ရာနေရာတွေမှာတင်မက လူစည်ကားရာ မြို့လယ်ခေါင်လို နေရာမျိုးမှာတောင် ပေါ်ပေါ်ထင်ထင် ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။

အခုကာလဟာ အကြောင်းအမျိုးမျိုးကြောင့် စီးပွးရေးကျဆင်းမှုနဲ့ စားဝတ်နေရေးအကျပ်အတည်းရဲ့ နောက်ဆက်တွဲအဖြစ် မြို့ပြ၊ ကျေးရွာတွေပါမကျန် ခိုး၊ ဆိုး၊ လုယက်မှုတွေတိုးပွားလာ ပြီးလုံခြုံမှု ကင်းမဲ့လာနေပါတယ်။

ဥပဒေပြဌာန်းချက်မှာ ခိုးဆိုးလုယက်မှုတွေကတဆင့် အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာမှုတွေကို ကိုယ်တိုင်ကာကွယ်ခွင့်ရှိသလို၊ ကူညီခွင့်လည်းရှိတယ်လို့ သတ်မှတ်ပေးထားပေမယ့် ကူညီသူတွေအပေါ် ပြန်လည်တုံ့ပြန် အန္တရာယ်ပြုတာမျိုးတွေလည်း ရှိနေတာကြောင့် ပြည်သူတွေအတွက် နေ့စဥ်လူနေမှုဘဝမှာ ဘေးကင်းလုံခြုံတဲ့ဝန်းကျင်မျိုး ဖြစ်လာရေး မဖြစ်မနေ လိုအပ်နေပါတော့တယ်။

#Voiceofmyanmar #vom #လုံခြုံမှုကင်းမဲ့ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW